
လူနာများအား ကုသပေးသည့်အခါ စေတနာအရင်းခံ နွေးထွေးစွာ ပြုစုကုသပေးရန်နှင့် မိမိတို့တာဝန်များကို အလေးထား တာဝန်ယူဆောင်ရွက်ရန် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ပြောကြားသည်။
အောက်တိုဘာ ၁၃ ရက်က ရန်ကုန်ပြည်သူ့ဆေးရုံကြီး ခုနစ်ထပ်ဆောင်သစ်ဓာတ်မှန်ဌာနရှိ CT scanner, CXR room, USG room, Mammogram, Dexa scan နှင့် Fluoroscope စသည့် ရောဂါရှာဖွေရေးစက်များ တပ်ဆင်ထားရှိမှုနှင့် လုပ်ငန်းဆောင်ရွက်မှု Angiogramဖြင့် နှလုံးရောဂါ ရှာဖွေကုသပေးနေမှု အခြေအနေများ၊ ဓာတ်ခွဲဌာနနှင့် အဏုဇီဝဗေဒဌာနတို့ရှိ ရောဂါရှာဖွေရေးစက်များနှင့် စာသင်ခန်း များကို ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ဆေးကုသဆောင် (၁) သို့ရောက်ရှိပြီး ဆေးတက္ကသိုလ်ကျောင်းသူ၊ ကျောင်းသား များ စာသင်ကြားနေမှုကို ကြည့်ရှု၍ လူနာများအား ကုသပေးသည့်အခါ စေတနာအရင်းခံ နွေးထွေးစွာ ပြုစုကုသပေးရန်နှင့် မိမိတို့တာဝန်များကို အလေးထား တာဝန်ယူဆောင်ရွက်ရန်မှာကြားကာ High Dependency Unit ရှိ လူနာများနှင့် ခြင်ဆီအစားထိုးဌာန (Bone Marrow Transplant Center)သို့ သွားရောက်ပြီး ကျန်းမာရေးအခြေအနေကောင်းမွန်၍ ဆေးရုံဆင်းမည့် လူနာငါးဦးတို့ကို အားပေး ကြည့်ရှုကာ စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ထို့ပြင် Diplomatic roomsများ ပြင်ဆင်ထားရှိမှုကို ကြည့်ရှုပြီး Training Center ၌ ဘာသာရပ်ဆိုင်ရာ ပါမောက္ခ/ ဌာနမှူးများ၊ ပါမောက္ခများနှင့် တွေ့ဆုံ၍ ဆေးပညာရှင်များ၏ ကျင့်ဝတ်နှင့်အညီ ဆောင်ရွက်ပေးရန်၊ ပြည်သူများအကျိုးအတွက် ဆေးကုသရေးလုပ်ငန်းများ ယခုထက် ပိုမိုတိုးတက်စေရေး ဆောင်ရွက်ပေးရန်၊ လူနာများအနေဖြင့် ကျန်းမာရေးကုန်ကျစရိတ် စိုက်ထုတ်သုံးစွဲရမှု လျှော့ချနိုင်ရေး လူမျိုးမရွေး၊ ဘာသာမရွေး၊ အဆင့်အတန်းမရွေး လူနာများအား ကောင်းမွန်သော စိတ်ထားဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးရန်မှာကြားခဲ့ပါသည်။