Eleven Media Group

■ လူမှုကွန်ရက်အသုံးပြု၍ ဆေးကုသမှုများတွင် လိုင်စင်ရှိ မရှိနှင့် ဆေးဝါးမှတ်ပုံတင် အထောက်အထားရှိ မရှိကို လူနာဘေးကင်းရေးအတွက် သီးခြားစစ်ဆေးရန် အရေးကြီးကြောင်း ကျောက်ကြီးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပြောကြား

■ ရေမန်းဖြင့် ကုသခြင်း၊ ဆီမန်းဖြင့် ကုသခြင်း၊ လက်ဝါးစောင်းဖြင့် ခုတ်ခြင်း၊ ဒူးဖြင့် တိုက်ခြင်း စသည့် ကုသမှုများကို စိစစ်ရန် တိုက်တွန်း

လူမှုကွန်ရက်အသုံးပြု၍ ဆေးကုသမှုများတွင် လိုင်စင်ရှိ မရှိနှင့် ဆေးဝါးမှတ်ပုံတင် အထောက်အထားရှိ မရှိကို လူနာဘေးကင်းရေးအတွက် သီးခြားစစ်ဆေးရန် အရေးကြီးကြောင်း ကျောက်ကြီးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဟံသာဝင်းက ပြောကြားသည်။

ဘားအံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသက်နိုင်ဦး ပြည်သူ့လွှတ်တော်တွင် တင်သွင်းထားသည့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်နှင့်ပတ်သက်သည့်အဆိုအား အောက်တိုဘာ ၁၃ ရက်တွင် ပြုလုပ်ခဲ့သည့် ပြည်သူ့လွှတ်တော်အစည်းအဝေး၌ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြစဉ် ကျောက်ကြီးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဟံသာဝင်းက ထိုသို့ အကြံပြုဆွေးနွေးခဲ့ခြင်းဖြစ်သည်။

"လူမှုကွန်ရက်ရဲ့သက်ရောက်မှုတွေအနေနဲ့ ကျွန်တော်တို့ Facebook တွေ၊ TikTok တွေမှာ သူတို့ကုသတဲ့ အတွေ့အကြုံတွေ၊ ဆေးဝါးတွေနဲ့ လူတွေကို feign တွေ လုပ်ပြီးတော့ တင်ထားတဲ့ဟာတွေကို ကြည့်ပြီးတော့မှ ကျွန်တော်တို့က သွားရောက်ကုသနေတာတွေ အများကြီးရှိပါတယ်။ အဲဒီကုသတဲ့လူတွေရဲ့ လိုင်စင်တွေရှိ မရှိ၊ ဆေးဝါးမှတ်ပုံတင်တွေရှိ မရှိ အထောက်အထားနဲ့ လူနာဘေးကင်းရေးတွေကို သီးခြားစစ်ဆေးသွားဖို့ အရေးကြီးပါတယ်"ဟု ဦးဟံသာဝင်းက ပြောကြားသည်။
ဆက်လက်၍ "ကျွန်တော်တို့ အွန်လိုင်းပေါ်မှာဆိုရင် ဦးထူးခန့်ကျော်တို့၊ ဒေါ်ခင်စန်းရီတို့၊ ဦးနေလင်းအောင်တို့ ဒီဟာတွေက ဆေးကုသတဲ့အချက်အလက်တွေကို သူတို့ရဲ့ဆေးကုသမှုမှတ်တမ်းတွေ၊ လိုင်စင်တွေ၊ ဆေးကုသမှုအထောက်အထားတွေနဲ့ သီးခြားစစ်ဆေးဖို့ လိုအပ်ပါမယ်ခင်ဗျာ။ အဲဒီနေရာမှာ တစ်ခုရှိတာက သူတို့က သူတို့ကိုယ်တိုင် ဆေးကုသခွင့်လိုင်စင်မရှိဘူး။ သူတို့ရဲ့ဆရာကို လိုင်စင်ယူပြီးတော့မှ သူတို့က အောက်က လက်ထောက်အနေနဲ့ ရေမန်းနဲ့ ကုတာ၊ ဆီမန်းနဲ့ ကုတာ၊ လက်ဝါးစောင်းနဲ့ ခုတ်တာ၊ ဒူးနဲ့ တိုက်တာ ဒါတွေနဲ့ ဆေးကုသတဲ့ဟာတွေကိုလည်း စိစစ်ဖို့ တင်ပြလိုပါတယ်ခင်ဗျာ"ဟုလည်း ၎င်းက အကြံပြုတိုက်တွန်းသည်။

မြန်မာနိုင်ငံ၏ ပျမ်းမျှသက်တမ်းသည် အခြားသော အာဆီယံနိုင်ငံများနှင့် ပျမ်းမျှသက်တမ်းနှိုင်းယှဉ်ချက်တွင် စင်ကာပူနိုင်ငံနှင့် ၁၅ နှစ်ကျော်၊ ထိုင်းနိုင်ငံနှင့် ၉ နှစ်ကျော်၊ ဖိလစ်ပိုင်နိုင်ငံနှင့် ၃ နှစ်နီးပါးခန့် ကွာဟပြီး ဒေသတွင်း အနိမ့်ဆုံးအဆင့်ဖြစ်သည်ဟု ကျောက်ကြီးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဟံသာဝင်းက ပြောကြားသည်။

ကလေးသေဆုံးမှုအနေဖြင့်လည်း မြန်မာနိုင်ငံသည် ထိုင်းနိုင်ငံနှင့် ၄ ဆခန့် ကွာဟပြီး ကမ္ဘောဒီးယားနိုင်ငံနှင့် ၂ ဆခန့် ကွာဟမှုရှိကြောင်း၊ မူဝါဒအရ အရေးကြီးသည့်ကဏ္ဍမှာ မွေးကင်းစ ကလေးစောင့်ရှောက်မှု၊ ကာကွယ်ဆေးရရှိမှု၊ အာဟာရနှင့် အချိန်မီ ဆေးကုသမှုများ လိုအပ်လျက်ရှိကြောင်း ကျောက်ကြီးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဟံသာဝင်းက ပြောကြားသည်။

မူရင်းသတင်း — Eleven Media Group