
အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း Myanmar Airways International - (MAI) သည် မလေးရှား- မြန်မာနှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်းကဏ္ဍနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုခိုင်မာစေရန်ရည်ရွယ်၍ မလေးရှားနိုင်ငံ၊ ပီနန်မြို့၌ Road Show အခမ်းအနားကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၄ရက်က ပီနန်မြို့ရှိ Cititel ဟိုတယ်၌ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားသို့ Penang State EXCO for Tourism and Creative Economy (PETACE)မှ YB Wong Hon Wai၊ Penang Global Tourism (PGT) မှ CEO Mr.Ooi Chok Yan နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။
MAI အနေဖြင့် မလေးရှား-မြန်မာ နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ခရီးသွားကဏ္ဍ မြှင့်တင်ရေးကို အဓိကထား၍ အားပေးကူညီပေးခဲ့သည့် ပီနန်ပြည်နယ်အစိုးရအဖွဲ့နှင့် PGT တို့အား အထူးကျေးဇူးတင်ရှိကြောင်း ဖော်ပြခဲ့သည်။
မလေးရှား - မြန်မာ တိုက်ရိုက်ခရီးစဉ်များ ပြေးဆွဲမှုအနေဖြင့် မလေးရှားဈေးကွက်အတွက် ရန်ကုန် - ကွာလာလမ်ပူကို ၂၀၂၂ ခုနှစ်မှစ၍ တိုးချဲ့ခဲ့ရာ လက်ရှိတွင် တစ်ပတ်လျှင် (၁၄) ကြိမ် (တစ်ရက်လျှင် ၂ ကြိမ် - 8M501 မှ 8M504 အထိ) ပြေးဆွဲပေးလျက်ရှိကြောင်း၊ ရန်ကုန် - ပီနန်ခရီးစဉ်ကို ၂၀၂၅ ခုနှစ် ဧပြီလတွင် စတင်ခဲ့ပြီး လက်ရှိတွင် တစ်ပတ်လျှင် (၃) ကြိမ် (တနင်္လာ၊ ကြာသပတေး၊စနေနေ့) ပျံသန်းပေးလျက်ရှိကြောင်း MAI ၏ CEO ဖြစ်သူ Mr, Tanes Kumar က ပြောကြားခဲ့သည်။
ပီနန်းမြို့တွင် တည်းခိုနေထိုင်စဉ်အတွင်း ကျွန်ုပ်တို့၏ ခရီးပန်းတိုင်ရှိ ထူးခြားသည့် ဆွဲဆောင်မှုများနှင့် ကွဲပြားစုံလင်သော ခရီးသွားလုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုများကို ကိုယ်တိုင်ကြုံတွေ့ခံစားနိုင်ရန်နှင့် ပီနန်း၏ အလှတရားနှင့် ဆွဲဆောင်မှုများကို မြန်မာနိုင်ငံမှ လာရောက်မည့် ခရီးသွားသစ်များထံသို့ ထပ်ဆင့်မျှဝေပေးနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်းPenang State EXCO For Tourism & Creative Economy YB Wong Hon Wai က ပြောကြားခဲ့သည်။
ယင်းကဲ့သို့လေကြောင်းချိတ်ဆက်မှုသည် မြန်မာနှင့် ပီနန်းကြား နှစ်ဖက်ဧည့်သည်များ ဝင်ရောက်မှုကို လွယ်ကူချောမွေ့စေရုံသာမက ခရီးသွားလုပ်ငန်းကို အခြေခံသည့် စီးပွားရေးတိုးတက်မှုကိုပါ တွန်းအားပေးနိုင်မည်ဖြစ်ရာ အပြန်အလှန် အကျိုးကျေးဇူးများ ဖြစ်ထွန်းစေမည် ဖြစ်ကြောင်း ၄င်းကဆိုသည်။
“မလေးရှားနိုင်ငံ၊ ပီနန်မြို့ကို မြန်မာခရီးသွားတွေအတွက် Tourist Destination တစ်ခုအနေနဲ့ promote လုပ်ဖို့အတွက် ဖြစ်ပါတယ်။ အပြန်အလှန်အားဖြင့် မလေးရှားလူမျိုးတွေကိုလည်း မြန်မာနိုင်ငံကို inbound အနေနဲ့ ပြန်လည် ဖိတ်ခေါ်ဖို့အတွက် MAIနှင့်အတူ Penang Global Tourism (PGT) & Peneng State Exco for Tourism and Creative Economy (PETACE) တို့မှ Organised လုပ်ခဲ့တာဖြစ်ပါတယ်။ ပြီးရင် မြန်မာနိုင်ငံကနေ inbound tour၊ outbound tour တွေကို ဒီကို အတူတူခေါ်လာတယ်။ ပြီးရင် ဒီမှာရှိတဲ့ ပီနန်အခြေစိုက်မလေးရှားအေးဂျင့်တွေဟိုတယ်လုပ်ငန်းရှင်တွေ၊ခရီးသွားလုပ်ငန်းရှင်တွေနဲ့ မြန်မာဘက်က ခရီးသွားလုပ်ငန်းရှင်တွေ Business Matching လုပ်ပြီးတော့ အပြန်အလှန်အခွင့်အရေးတွေ ဖန်တီးကြမှာဖြစ်ပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ မြန်မာခရီးသွားတွေအတွက်သာမက မလေးရှားခရီးသွားတွေ မြန်မာနိုင်ငံကိုလာရောက်လည်ပတ်ကြဖို့ ဖိတ်ခေါ်ဖို့ဖြစ်ပါတယ်”ဟု MAI မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မလေးရှားနိုင်ငံ ပီနန်မြို့သို့ နိုင်ငံတကာ ခရီးသွား လာရောက်မှုတွင် အင်ဒိုနီးရှားနိုင်ငံက ထိပ်ဆုံးမှ ရပ်တည်နေပြီး တရုတ်နိုင်ငံမှ ဒုတိယ နှင့် စင်ကာပူနိုင်ငံတို့မှ တတိယ အများဆုံး လာရောက် လည်ပတ်မှုရှိပြီး မြနပီနန်မြို့သို့ လာရောက်သည့် ခရီးသွားအများဆုံးနိုင်ငံစာရင်းတွင် မြန်မာနိုင်ငံပါဝင်လာရန် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း MAI က အားထုတ်ကြိုးပမ်းသွားမည် ဖြစ်ကြောင်း MAI ၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။