
အောက်တိုဘာ ၁၄ ရက်တွင် ဂျာမနီနိုင်ငံ၊ ဖရန့်ဖတ်မြို့မှ အိန္ဒိယနိုင်ငံ ဒေလီမြို့သို့ ပျံသန်းလာသည့် Air India လေယာဉ်တစ်စင်း အိန္ဒိယလေပိုင်နက်အတွင်း ဝင်ရောက်လာစဉ် လေယာဉ်ပြန်ပေးဆွဲခံရနိုင်ကြောင်း လုံခြုံရေးသတိပေးချက် ထွက်ပေါ်လာခဲ့သဖြင့် ဂျိုင်ပူမြို့သို့ လမ်းကြောင်းပြောင်းကာ အရေးပေါ်ဆင်းသက်ခဲ့ကြောင်း သိရသည်။
လေယာဉ်မှူးက လေယာဉ်ပြန်ပေးဆွဲခံရမှု ဖြစ်ပွားနေကြောင်း နိုင်ငံတကာတွင် အချက်ပြအသုံးပြုသည့် 7500 Squawk Code ကို ထုတ်လွှင့်ခဲ့သည်ဟု သတင်းများက ဆိုသည်။ ထို့နောက် လေယာဉ်မှူးသည် လေကြောင်းထိန်းချုပ်ရေးဌာနသို့ ဆက်သွယ်ကာ ကြိုတင်ကာကွယ်သည့်အနေဖြင့် အနီးဆုံးလေဆိပ်တွင် ဆင်းသက်ခွင့် တောင်းခံခဲ့ကြောင်း အိန္ဒိယမီဒီယာများက ဖော်ပြသည်။
Boeing 787-9 အမျိုးအစား လေယာဉ်သည် ဒေသစံတော်ချိန် နံနက် ၉ နာရီ ၄၅ မိနစ်တွင် ဂျိုင်ပူလေဆိပ်သို့ ဆင်းသက်ခဲ့ပြီးနောက် သီးခြားစစ်ဆေးရေးနေရာသို့ ရွှေ့ပြောင်းထားခဲ့သည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဗုံးရှာဖွေဖော်ထုတ်ရေးနှင့် ဖယ်ရှားရေးအဖွဲ့တို့က လေယာဉ်နှင့် ခရီးသည်များ၏ ခရီးဆောင်အိတ်များကို စစ်ဆေးခဲ့ကြသည်။
ထို့နောက် ခရီးသည်များနှင့် လေယာဉ်အမှုထမ်းအားလုံးကို ဘေးကင်းစွာ လေယာဉ်ပေါ်မှ ဆင်းသက်စေခဲ့ပြီး လေဆိပ်အဆောက်အအုံအတွင်းရှိ အရေးပေါ်စောင့်ဆိုင်းရာနေရာသို့ ပို့ဆောင်ခဲ့သည်။ လေယာဉ်ပေါ်တွင် လိုက်ပါလာသူ အရေအတွက်ကို အတည်ပြုနိုင်ခြင်း မရှိသေးပေ။
“ဒါဟာ လေယာဉ်ပြန်ပေးဆွဲခံရတယ်ဆိုတဲ့ ကောလာဟလပါ။ ဗုံးခြိမ်းခြောက်မှု မဟုတ်ပါဘူး။ အခုအချိန်မှာ မှတ်ချက်ပေးဖို့ စောပါသေးတယ်။ စစ်ဆေးမှုတွေ လုပ်နေဆဲပါ” ဟု လေဆိပ်တာဝန်ရှိသူတစ်ဦးက Hindustan Times ကို ပြောသည်။
ယခုဖြစ်စဉ်သည် ဂျာမနီနိုင်ငံ နူရင်ဘတ်လေဆိပ်တွင် လေကြောင်းခရီးစဉ်များ ရပ်ဆိုင်းခဲ့ရပြီး တစ်ရက်အကြာတွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။ ထိုဖြစ်စဉ်၌ ဂရိနိုင်ငံ ကော်ဖူးကျွန်းမှ ပျံသန်းလာသည့် Corendon Airlines လေယာဉ်က 7500 Squawk Code ကို ထုတ်လွှင့်ခဲ့သည်။ နောက်မှ Corendon Airlines ဘက်က လေယာဉ်ပြန်ပေးဆွဲခံရကြောင်း အချက်ပြမှုသည် ရေဒီယိုစနစ် ချို့ယွင်းမှုကြောင့် မှားယွင်းထုတ်လွှင့်မိခြင်းဖြစ်ကြောင်း အတည်ပြုခဲ့သည်။
စက်တင်ဘာ ၃၀ ရက်ကလည်း အစ္စရေးနိုင်ငံသို့ ပျံသန်းလာသည့် Flydubai လေကြောင်းလိုင်းမှ လေယာဉ်ကို ပြန်ပေးဆွဲရန် ကြိုးပမ်းမှုဟု ယူဆရသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။ ပျံသန်းချိန် နှစ်နာရီခွဲခန့်အကြာ ဂျော်ဒန်လေပိုင်နက်အတွင်း ရောက်ရှိနေစဉ် တွဲဖက်လေယာဉ်မှူးက လေယာဉ်မှူးဖြစ်သူ အိန္ဒိယနိုင်ငံသား ကပ္ပတိန် စမစ်မက်ချာကို တိုက်ခိုက်ခဲ့သည်။
အိုမန်နိုင်ငံသား တွဲဖက်လေယာဉ်မှူးက လေယာဉ်ကို အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့ရှိ ဘင်ဂူရီယွန်လေဆိပ် သို့မဟုတ် မြို့လယ်ရှိအထပ်မြင့် အဆောက်အအုံတစ်ခုကို ဝင်တိုက်စေရန် အစီအစဉ်ရှိခဲ့သည်ဟု အမေရိကန်နှင့် အစ္စရေးသတင်းများက ဖော်ပြသည်။
■ Ref: The Independent