Eleven Media Group

■ တက္ကသိုလ်ကျောင်းသားများ ကျောင်းယာယီရပ်နားကာ နှစ်နှစ် စစ်မှုထမ်းရမည်ဆိုသည်မှာ သတင်းအမှားသာဖြစ်

တက္ကသိုလ်ကျောင်းသားများ ကျောင်းယာယီရပ်နားကာ နှစ်နှစ် စစ်မှုထမ်းရမည်ဆိုသည်မှာ သတင်းအမှားသာဖြစ်သည်ဟု ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က ထုတ်ပြန်သည်။

Online ပေါ်တွင် Yangon Media ဟု အမည်ရှိသည့် Page တစ်ခုမှ တက္ကသိုလ် ကျောင်းသားများ ယာယီကျောင်းနား၍ စစ်မှုထမ်းဆောင်ရမည် ဆိုသည့်ခေါင်းစဉ်ဖြင့် သတင်းတု /သတင်းမှားများ ထုတ်လွှင့်နေခြင်းဖြစ်သည်ဟု သိရသည်။

ယင်းသတင်းတွင် “မဲပေါက်သူက ဘယ်လိုဖြစ်ဖြစ် စစ်မှုထမ်းရမယ်၊ တက္ကသိုလ် ကျောင်းသားဖြစ်နေလျင်တောင်မှ (၂)နှစ် ကျောင်းယာယီရပ်နားပြီး စစ်မှုထမ်းရမယ်၊ ရွှေ့ဆိုင်းလို့ မရဘူးလို့ ညွှန်ကြားတယ်ဟု မြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ထံက သိရှိရပါတယ်။ ဒါ့အပြင် မဲပေါက်ထားသည့် လူငယ်များ ထွက်ပြေးမသွားစေရေးအတွက် မှတ်ပုံတင်နှင့် UID Smart Card များကို သိမ်းဆည်းထားတယ်” ဆိုပြီး မဟုတ်မမှန် သတင်းတု/ သတင်းမှားများ ထုတ်လွှင့်နေကြောင်း သိရသည်။

တက္ကသိုလ်ကျောင်းသားများ ၂ နှစ် ကျောင်းယာယီရပ်နားပြီး စစ်မှုထမ်းရမည် ဆိုသည့်သတင်းသည် သတင်းအတု၊ သတင်းအမှားသာဖြစ်ပါကြောင်းနှင့် ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးနှင့်ပတ်သက်ပြီး မဟုတ်မမှန်ဖော်ပြနေသည့် သတင်းတု/ သတင်းမှား များကိုမယုံကြရန် ပြည်သူ့ စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က ထုတ်ပြန်သည်။

ပြည်သူ့စစ်မှုထမ်းဆောင်ရမည့်တာဝန်မှ ယာယီရွှေ့ဆိုင်းနိုင်သည့်အချက်များကိုဖော်ပြ ထားသည့် ပြည်သူ့စစ်မှုထမ်းဥပဒေ ပုဒ်မ ၁၅ (က)(၃) တွင် ပညာသင်ကြားနေသူများ ဟူသည့် အချက်ပါဝင်သည်ကို အတိအကျဖော်ပြထားပြီး နေ့စဉ်ထုတ်သတင်းစာများတွင်လည်း စဉ်ဆက်မပြတ် ဖော်ပြပေးလျက်ရှိသည်ဟု ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က ထုတ်ပြန်သည်။

မူရင်းသတင်း — Eleven Media Group