
အောက်တိုဘာ - ၁၅ ( ကြာသပတေးနေ့ )
အစ္စရေးထောက်လှမ်းရေး အကြီးအကဲဟောင်း ရိုနန်ဘား ဟာ ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုကို ဂုဏ်သိက္ခာညှိုးနွမ်းစေမှုနဲ့ တရားစွဲဆိုလိုက်ပါတယ်။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက် ဟားမတ်စ်တို့ ရဲ့ တိုက်ခိုက်မှုအကြို သတိပေးချက်တွေကို နေတန်ယာဟုက လျစ်လျူရှုခဲ့ပြီး လုံခြုံရေးအရ အရှုံးပေါ်ခဲ့ရတာတွေ ကို သူ့အပေါ်ပုံချဖို့ ကြိုးပမ်းခဲ့တယ်လို့ စွပ်စွဲထားပါတယ်။
အစ္စရေးရဲ့ ရှင်ဘက် ပြည်တွင်းလုံခြုံရေးအေဂျင်စီကို ဦးဆောင်ခဲ့သူ ရိုနန်ဘားဟာ ဗုဒ္ဓဟူးနေ့မှာ ရှယ်ကယ် ၃ သန်း (အမေရိကန်ဒေါ်လာ ၁ သန်းနီးပါး) တန်ဖိုးရှိတဲ့ အဆိုပါ တရားစွဲဆိုမှုကို တင်သွင်းခဲ့တာ ဖြစ်ပါတယ်။
နေတန်ယာဟုကတော့ ရိုနန်ဘားဟာ ထောက်လှမ်းရေး သတင်းအချက်အလက်တွေကို ဖုံးကွယ်ထား ခဲ့ပြီး တပ်ဖွဲ့တွေကို သတိပေးတာမျိုး ဒါမှမဟုတ် နိုဗာဂီတပွဲတော်ကို တက်ရောက်လာသူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးတာမျိုး မလုပ်ခဲ့ဘူးလို့ စွပ်စွဲပြောဆို ထားပါတယ်။ ဒါပေမဲ့ ရိုနန်ဘားက အဲဒီစွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပြီး နေတန်ယာဟုဟာ လူပေါင်း ၁,၂၀၀ သေဆုံးပြီး လူ ၂၅၁ ဦး ဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့ရတဲ့ အဆိုပါ တိုက်ခိုက်မှုအတွက် တာဝန်ယူရမည့် တာဝန်ဝတ္တရားကို ရှောင်လွှဲဖို့ ကြိုးပမ်းနေခြင်းသာ ဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ အစ္စရေးရဲ့ ဂါဇာစစ်ဆင်ရေးကြောင့် ပါလက်စတိုင်းလူမျိုး ၇၄,၃၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြထားပါတယ်။
တရားစွဲဆိုချက်တွေအရ ရှင်ဘက် အရာရှိတွေဟာ အောက်တိုဘာ ၆ ရက် ညပိုင်းကတည်းက ဟားမတ်စ်တို့ရဲ့ ထူးခြားတဲ့ လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး စစ်တပ်ကို ထောက်လှမ်းရေး သတင်းတွေ မျှဝေခဲ့ကြပြီး နံနက် ၃ နာရီ ၃ မိနစ်မှာ သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။ နေတန်ယာဟုရဲ့ စစ်ဘက်ဆိုင်ရာ အတွင်းရေးမှူးရုံးကိုလည်း နံနက် ၃ နာရီ ၅၅ မိနစ်မှာ အပ်ဒိတ်လုပ် အကြောင်းကြားခဲ့ပါတယ်လို့ ဆိုပါတယ်။ စစ်ရေးဦးစီးအရာရှိချုပ်ကလည်း နံနက် ၆ နာရီ ကျော်ကျော်မှာ စစ်ဘက်ဆိုင်ရာ အတွင်းရေးမှူးကို အကျဉ်းချုပ် တင်ပြခဲ့ပါတယ်။ ဒါပေမဲ့ နေတန်ယာဟုကတော့ အဲဒီညက အစ္စရေးစစ်ဦးစီးချုပ်နဲ့ ထောက်လှမ်းရေးအကြီးအကဲတို့နဲ့ တိုက်ရိုက် စကားပြောဆိုခဲ့ခြင်း မရှိကြောင်းပြောတာဖြစ်လို့ ရိုနန်ဘားက သူတို့သတင်းပို့ရဲ့သားနဲ့ မပို့ဘူးဆိုပြီး နေတန်ယာဟုဘက်က ငြင်းဆိုတာကို မကျေနပ်ကြောင်း ပြောခဲ့ပါတယ်။
REF: RT
#News #Myanmar