Eleven Media Group

ချင်းပြည်နယ် ဖလမ်းမြို့အနီးအနားရှိ ကျေးရွာများကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးသည့် ငဆစ်ဗားရေအားလျှပ်စစ်စက်ရုံအား ပြန်လည်ပြုပြင်မည်

ချင်းပြည်နယ် ဖလမ်းမြို့နှင့် အနီးအနားကျေးရွာများကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးသည့် ငဆစ်ဗားရေအားလျှပ်စစ်စက်ရုံသည် အကြမ်းဖက်ဖြစ်စဉ်များကြောင့် စက်ရုံရှိ စက်ပစ္စည်းများပျက်စီးဆုံးရှုံးသွားသည့်အတွက် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချင်းပြည်နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဦးစီးဌာနမှ သိရသည်။

အဆိုပါစက်ရုံအဆောက်အအုံနှင့် စက်ရုံစက်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုအခြေအနေကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်သည် ချင်းပြည်နယ် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီဝင်များနှင့်အတူ အောက်တိုဘာ ၁၄ ရက်က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုမှတစ်ဆင့် တီးတိန်မြို့ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး အဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာပြုပြင်ထားရှိမှုကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ တီးတိန်မြို့ အမှတ် (၁) အခြေခံပညာအထက် တန်းကျောင်း၌ ပညာသင်ကြားနေသည့် ကျောင်းသား ကျောင်းသူများနှင့် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဘာသာရပ် သင်ကြားနေသော ကျောင်းသား ကျောင်းသူများအား တွေ့ဆုံအားပေးစကားပြောကြားပြီး စက်မှုဘာသာရပ် လက်တွေ့ခန်းကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့အတူ တီးတိန်မြို့ ထေရဝါဒဗုဒ္ဓသာသနာပြု ဗဟိုကျောင်းသာသနာရေးဦးစီးဌာနပိုင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ပြန်လည်ပြုပြင်နိုင်ရေးအခြေအနေကိုလည်းကောင်း၊ တီးတိန်မြို့နယ် သမဝါယမ ဦးစီးဌာနရုံး အဆောက်အအုံပြင်ဆင်ပြီးစီးမှု၊ ဝန်ထမ်းအိမ်ရာ ပြင်ဆင်ဆောင်ရွက်ထားမှုနှင့် ဝန်ထမ်းများ ရုံးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုမှတစ်ဆင့် တွန်းဇံမြို့ စိန်ဖရန့်ဆစ် ဘုရားကျောင်းခန်းမ၌ တွန်းဇံမြို့ ရပ်မိရပ်ဖများ၊ ဘာသာရေး ခေါင်းဆောင်များ၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံခဲ့ပြီး ဒုတိယဝန်ကြီးက နယ်မြေတည်ငြိမ်အေးချမ်းမှ အစိုးရယန္တရားများလည်ပတ်ပြီး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ တည်ငြိမ်အေးချမ်းရန် ဒေသခံပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုလိုအပ်ကြောင်း၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများဖြင့် ပြန်လည်ထူထောင်ရေးကိစ္စများကို လာရောက်ဆောင်ရွက်ကြခြင်းဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ရေး၊ ရေရရှိရေး၊ မြို့သန့်ရှင်းသာယာလှပရေးတို့ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့အတူ ပြည်နယ် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ပြန်လည်ထူထောင်ရေး လုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးပြီး တွန်းဇံမြို့ ရပ်မိရပ်ဖဥက္ကဋ္ဌ၏ ပညာရေး၊ ဆက်သွယ်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များ တင်ပြကြသည်။

ထို့အတူ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပျက်စီးသွားသည့် ဌာနဆိုင်ရာအဆောက်အအုံများ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းစာချုပ်ပါ စည်းမျဉ်းစည်းကမ်းများနှင့်အညီဆောင်ရွက်ရန်၊ လုပ်ငန်းများ အမြန်ဆုံးပြီးစီးအောင်ဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group