Eleven Media Group

■ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) ၁၁ နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနား ကျင်းပ

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) ၁၁ နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားအား ယနေ့(အောက်တိုဘာ ၁၅ ရက်) နံနက်ပိုင်းက နေပြည်တော်တွင် ကျင်းပခဲ့သည်။

နေပြည်တော်ရှိ Horizon Lake View ဟိုတယ်တွင်ကျင်းပသည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) ၁၁ နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ပေးပို့သည့် Video မိန့်ခွန်းအား ဖွင့်လှစ်ပြသခဲ့သည်။

ထို့နောက် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် က NCA(၁၁) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အမှာစကား ပြောကြားသည်။

ယင်းနောက် အစိုးရအဆက်ဆက် ငြိမ်းချမ်းရေးကြိုးပမ်းဆောင်ရွက်ခဲ့မှုနှင့် NCA လက်မှတ်ရေးထိုးပြီးနောက် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းဆောင်ရွက်မှုများအား Video Clip ဖြင့် ပြသသည်။

ထို့နောက် NCA လက်မှတ်ရေးထိုးခဲ့သည့် နိုင်ငံတကာအသိသက်သေကိုယ်စားလှယ်များဖြစ်သည့် တရုတ်၊ အိန္ဒိယနှင့် ထိုင်း နိုင်ငံတို့မှ ကိုယ်စားလှယ်များက Video Message ဖြင့် NCA အထိမ်းအမှတ်စကားများ ပြောကြားခဲ့သည်။

ထို့နောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ကြိုးပမ်းဆောင်ရွက်ခဲ့သူများနှင့် NCA လက်မှတ်ရေးထိုးပွဲ၌ ပါဝင်ခဲ့ကြသော ကရင်တိုင်းရင်းသားခေါင်းဆောင် စောမူတူးစေးဖိုး၊ ညှိနှိုင်းရေးကော်မတီ အကြံပေးအဖွဲ့ခေါင်းဆောင် ဦးအောင်မင်းနှင့် ညှိနှိုင်းရေးကော်မတီ အကြံပေးအဖွဲ့ဝင် ဦးသိန်းဇော် တို့က NCA အထိမ်းအမှတ် အမှတ်တရစကားများ ပြောကြားခဲ့သည်။

ထို့နောက် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့မှ ခေါင်းဆောင်များက NCA အထိမ်းအမှတ် အမှတ်တရစကားများ ပြောကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group