Eleven Media Group

အင်ဒိုနီးရှားတောမီးများမှထွက်လာသော မီးခိုးမြူများသည် အန္တရာယ်များလွန်းသည်ဟု အရှေ့တီမော သတိပေး

အိမ်နီးချင်း အင်ဒိုနီးရှားတွင်လောင်နေသော တောမီးများမှ လွင့်လာသည့် မြူထူများကြောင့် အရှေ့တီမောက သုံးရက်ကြာ ကျောင်းပိတ်ခြင်းကို အောက်တိုဘာ ၁၅ ရက်တွင် စတင်ခဲ့သည်။

မြို့တော်ဒီလီတွင် ပြည်သူတို့က ၀ါကြန့်ကြန့်ကောင်းကင်အောက်တွင် ပုံမှန်အတိုင်း အပြင်ထွက်ကြသည်ဆိုသော်လည်းပြည် သူအများစုက နှာခေါင်းစည်းများတပ်ထားကြသည်။

အစိုးရက ကျောင်းများပိတ်ထားမည်ဟု အောက်တိုဘာ ၁၄ ရက်တွင် ကြေညာခဲ့သည်။ ဒေသခံများက ထိုဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့ကြသည်။ လေထုညစ်ညမ်းမှုသည် ယခုသီ တင်းပတ်စောစောပိုင်းတွင် ပို၍ တောင်ဆိုးရွားခဲ့သည်ဟု ဒေသခံများက ပြောကြားခဲ့သည်။

“မကြာသေးမီက ဒီလီမှာ လေထုညစ်ညမ်းမှုဟာ အလွန်ဆိုးရွားခဲ့ပါတယ်”ဟု အသက် ၃၀ အရွယ် ဝမ်းဆွဲ ဆိုညာဒါကော် စတာဆိုအာရက်စ်က AFP ကို ပြောကြားခဲ့သည်။

“ကျွန်မတို့က နေကို မမြင်ရပါဘူး။ လေထုညစ်ညမ်းတာဟာ ပြင်းထန်ပါတယ်”ဟု သူက ဖြည့်စွက်ပြောကြားခဲ့သည်။ သူ၏ကလေးသည် ကျောင်းနေရန် အသက်ငယ်လွန်းနေသည်ဆိုသော်လည်း ကလေးများအန္တရာယ်မဖြစ်စေရေးအတွက် ကျောင်းသားများ အိမ်တွင်နေရန် ဆုံးဖြတ်ခြင်းသည် အလွန်ပင် အရေးကြီးသည်ဟု ဆိုသည်။

အရှေ့တီမောအစိုးရက ပြည်သူများအပြင်ထွက်သည့်အခါ နှာခေါင်းစည်းများတပ်ကြရန် အကြံပေးထားသည်။ ထို့အပြင် မိသားစုများက ကလေးများကို အိမ်တွင်ပင်နေခိုင်းရန်လည်း အရှေ့တီမောအစိုးရက တိုက်တွန်းထားသည်။

Ref: AFP

မူရင်းသတင်း — Eleven Media Group