
မန္တလေးမြို့တွင် လျှပ်စစ်မီးကြိုးများ ဖြုတ်ခိုးသူများနှင့်လက်ခံသူများကို မီးကြိုးပိဿာချိန် ၆၀၀ ခန့်နှင့်အတူ ဖမ်းဆီးရမိကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
မန္တလေးမြို့ပေါ်ရှိ လျှပ်စစ်မီးကြိုးများ လိုက်လံဖြုတ်ယူခိုးယူမှု ကျူးလွန်သူနှင့် လက်ခံသူစုစုပေါင်းငါးဦးကို အမှုပေါင်း ၂၅ မှု၊ မီးကြိုးပိဿာချိန် ၆၀၀ ခန့်နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
အောင်မြေသာစံမြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ တာဝန်ရှိသူများက မြို့နယ်အတွင်း အများပြည်သူသို့ ဓာတ်အားဖြန့်ဖြူးပေးထားသော ဌာနပိုင်ထရန်စဖော်မာများ၏ ထရန်စဖော်မာအထွက် Feeder Cable များကို ကွင်းဆင်းစစ်ဆေးစဉ် ပြည်ကြီးကျက်သရေအနောက်ရပ်ကွက် ၂၅ လမ်း၊ ၈၂ လမ်းနှင့် ၈၃ လမ်းကြားရှိ ၁၁/ဝ.၄ KV (200 KVA) Feeder Cable 1Cx150mm 2 CU/XLPE/PVC စုစုပေါင်းပေ ၄၀ (ကာလတန်ဖိုး ကျပ် ၂,၇၅၀,၀၀၀) ကိုလည်းကောင်း၊ ပြည်ကြီးကျက်သရေအနောက်ရပ်ကွက်၊ ၂၅ လမ်းနှင့် ၈၄ လမ်းထောင့်ရှိ 20/0.5 KV (500 KVA) Feeder Cable 1C x 120 mm2 CU/XLPE/PVC ၁၀ ပေ လေးချောင်း၊ စုစုပေါင်းပေ ၄၀ (ကာလတန်ဖိုး ကျပ် ၂,၄၅၀,၀၀၀) ကိုလည်းကောင်း၊ ပြည်ကြီးကျက်သရေအနောက်ရပ်ကွက်၊ ၂၅ လမ်း၊ ၈၂ လမ်းနှင့် ၈၃ လမ်းကြားရှိ ၁၁/ဝ.၄ KV(500 KVA) Feeder Cable 1C x 150mm 2CU/XLPE/PVC 60 လေးချောင်း၊ စုစုပေါင်းပေ ၄ဝ၊ (ကာလတန်ဖိုး ကျပ် ၂,၇၅၀,၀၀၀) ကိုလည်းကောင်း ဖြတ်တောက်ခိုးယူခံရကြောင်း စစ်ဆေးတွေ့ရှိရ၍ feeder Cable ကြိုးများဖြတ်တောက် ခိုးယူသွားသူများအား အမှုဖွင့်အရေးယူပေးပါရန် အမှတ် (၅) မြို့မရဲစခန်းတွင်တိုင်ကြားခဲ့ကြောင်း သိရသည်။
တိုင်ကြားချက်အရ ပြစ်မှုကျူးလွန်သူများအား စုံစမ်းဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် အမှတ် (၅) မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက ၂၂ လမ်းနှင့်ကမ်းနားလမ်းတွင် ယာဉ်စစ်ပိတ်ဆို့စစ်ဆေးမှုများဆောင်ရွက်နေစဉ် ကမ်းနားလမ်းအတိုင်း တောင်မှမြောက်သို့ ခင်မောင်ထူးဆိုသူ မောင်းနှင်လာသည့် အဝါရောင်သုံးဘီးယာဉ်ကို စစ်ဆေးရာ Tester တစ်ချောင်း၊ တူတစ်ချောင်း၊ ပလာယာနှစ်ချောင်းနှင့်အတူ မသင်္ကာဖွယ်တွေ့ရှိသဖြင့် ခေါ်ယူစစ်ဆေးရာ လွန်ခဲ့သော ခြောက်လကျော်မှစ၍ ခင်မင်ရင်းနှီးသူ စိုးသက်ပိုင် (ခ) ပိုင်လေး၊ အောင်ကျော်ကျော် (ခ) ဇိုဗိုက်တို့နှင့်အတူ မန္တလေးမြို့ပေါ် ရပ်ကွက်များအတွင်းရှိ လျှပ်စစ်မီးကြိုးများကို ညပိုင်းအချိန်များတွင် ဖြတ်တောက်ခိုးယူခဲ့ကြောင်း ဝန်ခံထွက်ဆိုသဖြင့် ပြစ်မှုကျူးလွန်ရာတွင် ပူးပေါင်းပါဝင်သူတို့အား ထပ်မံဖမ်းဆီးခဲ့သည်။
ထို့နောက် မန္တလေးမြို့ပေါ်ရှိ အခြားရဲစခန်းများသို့ ဆက်သွယ်မေးမြန်းရာ ၎င်းတို့ကျူးလွန်ခဲ့သည့်စုစုပေါင်းအမှု ၂၅ မှု တစ်ဆက်တစ်ဆက်တည်းပေါ်ပေါက်ခဲ့ပြီး ခိုးယူခဲ့သော သက်သေခံပစ္စည်းများအား မဇင်မာဦးထံသို့ ရောင်းချခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် သက်သေခံပစ္စည်းသိမ်းဆည်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ မဇင်မာဦးကလည်း အဆိုပါပစ္စည်းများအား အေးလင်းထံသို့ တစ်ဆင့်ပြန်လည်ရောင်းချခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
ထို့ကြောင့် မန္တလေးမြို့ပေါ် ရပ်ကွက်များမှ ဖြတ်တောက်ခိုးယူခဲ့သော မီးကြိုးများအား လက်ခံဝယ်ယူရောင်းချခဲ့သူနှစ်ဦးနှင့် ကျုးလွန်သူ သုံးဦး စုစုပေါင်းငါးဦးအား သက်ဆိုင်ရာရဲစခန်းအသီးသီးတွင် အမှုဖွင့်တရားစွဲဆိုမည်ဖြစ်ကြောင်း သိရသည်။