Eleven Media Group

မဟာမုနိဘုရားကြီးဂေါပကအဖွဲ့အမည်ဖြင့် အကောင့်အတုများဖွင့်၍ အလှူခံနေသူများကို အီလက်ထရွန်နစ်ဆက်သွယ်ရေးဥပဒေဖြင့် အမှုဖွင့်

မဟာမုနိဘုရားကြီးဂေါပကအဖွဲ့အမည်ဖြင့် အကောင့်အတုများဖွင့်၍ အလှူခံနေသူများကို အီလက်ထရွန်နစ်ဆက်သွယ်ရေးဥပဒေဖြင့် အမှုဖွင့်ထားကြောင်း မဟာမုနိဂေါပကအဖွဲ့၏ အသိပေးထုတ်ပြန်ချက်အရ သိရသည်။

အလှူရှင်များသို့ အသိပေးကြေညာခြင်းဟူသောခေါင်းစဉ်ဖြင့် "မန္တလေးမြို့၊ မဟာမုနိဘုရားကြီးအား ရွှေစင်ရွှေပြားများလှူဒါန်းခြင်း၊ ညရုံခြုံထည်သင်္ကန်းအလှူခံခြင်း အပါအဝင်လှူဒါန်းမှုများကို "မဟာမုနိဘုရားကြီးဂေါပကအဖွဲ့" အမည်ရှိ

Facebook Page ၊ Live 24/7 MahamuniBuddha Mandalay အမည်ရှိ You Tube Channel၊ MahamuniPagoda Trustees အမည်ရှိ Viber နံပတ် (09-၇၅၅၅၀၀၀၁၆) ပါ Tik Tok အကောင့် လူမှုကွန်ရက်များ ဖွင့်လှစ်ထားပြီး အလှူရှင်များကလည်း လှူဒါန်းလျက်ရှိကြပါသည်။ ယခုအခါ မဟာမုနိဘုရားကြီးဂေါပကအဖွဲ့အမည်သုံးစွဲလျက် အောက်ဖော်ပြပါအကောင့်အတုများဖြစ်သည့် TikTok mahamunibuddhall 11 နှင့် mahamuni Pagoda Trustees တာဝန်ခံ K-pay (ဝ၉-၆၈၃၈၅၆၃၃) ( Ei Ei Phyoe ) အမည်တို့ဖြင့် အလှူငွေများလှူဒါန်းနိုင်ကြောင်း လူမှုကွန်ရက်တွင် လိမ်လည်၍ ကြေညာဆောင်ရွက်နေသည်ကို တွေ့ရှိရပါသည်။

သို့ဖြစ်ပါ၍ အဆိုပါ အကောင့်အတုများအား လှူဒါန်းမှုများမပြုလုပ်ကြရန် ၎င်းအကောင့်နှစ်ခုသည် မဟာမုနိဘုရားကြီး ဂေါပကအဖွဲ့အမည်သုံး၍ ကောက်ခံခြင်းဖြစ်ကြောင်း သိရှိနိုင်ပါရန်နှင့် ၎င်းအကောင့် K-pay အား သက်ဆိုင်ရာဘဏ်သို့ အကြောင်းကြားကာ ပိတ်သိမ်းရေးဆောင်ရွက်ခဲ့ပြီးဖြစ်သည့်အပြင် လူမှုကွန်ရက် Online အသုံးပြုလိမ်လည်သဖြင့် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အမှတ် (၁ဝ) ရဲစခန်းတွင် ပထမသတင်းပေးချက်အမှတ် (၈၁/၂ဝ၂၆) ဖြင့် အီလက်ထရွန်နစ် ဆက်သွယ်ရေး ဥပဒေအရ အမှုဖွင့်လှစ်ကာ အရေးယူဆောင်ရွက်လျက် ရှိပါကြောင်း အသိပေးကြေညာအပ်ပါသည်" ဟူ၍ ထုတ်ပြန်ခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အမှတ် (၁၀) မြို့မရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ အမှုဖွင့်ထားကြောင်း အတည်ပြုဖြေကြားပြီး ကျူးလွန်သူများအား ဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးလျက်ရှိသည်ဟု သိရသည်။

မူရင်းသတင်း — Eleven Media Group