Eleven Media Group

အမေရိကန်က အီရန်ကို နျူကလီးယားဗုံးမဟုတ်သည့် အင်အားအပြင်းဆုံး ဗုံးအမျိုးအစား MOAB ဗုံးဖြင့် ကြဲချတိုက်ခိုက်ရန်စဉ်းစားနေသည်ဟု CNN သတင်းဌာနဖော်ပြ

သမ္မတဒေါ်နယ်ထရန့်က အနိုင်အရှုံးမပေါ်သောစစ်ပွဲတွင် တိုက်ခိုက်မှုများကို ပြန်လည်လုပ်ဆောင်ရန် ဆုံးဖြတ်မည်ဆိုလျှင် အမေရိကန်ပြည်ထောင်စုက အီရန်ကို အကြီးဆုံးသော နျူကလီးယားဗုံးမဟုတ်သည့် ဗုံးကို အသုံးပြုရန် စဉ်းစားနေသည်ဟု CNN သတင်းဌာနက အောက်တိုဘာ ၁၅ ရက်တွင် ဖော်ပြခဲ့သည်။

အမေရိကန်စစ်တပ်က GBU-43/B Massive Ordnance Air Blast(MOAB) ဗုံးကို အီရန်၏အခြေခံ အဆောက်အအုံများနှင့် နျူကလီးယားတည်နေရာများကို တိုက်ခိုက်ရာတွင်အသုံးပြုမည့်အလားအလာ ကိုစဉ်းစားနေသည်ဟု နီးစပ်ရာသတင်းအရင်းအမြစ်များ၏ပြောကြားချက်များကို CNN က ကိုးကား ဖော်ပြခဲ့သည်။

ထရန့်က နိုဝင်ဘာ သက်တမ်းဝက်ရွေး ကောက်ပွဲမကျင်းပမီ လူထုထောက်ခံမှုကျ ဆင်းနေခြင်းကို မြှင့်တင်ရန် ကြိုးစားနေသည်။ လူထုစစ်တမ်းများတွင်မူ ပြည်သူတို့က အီရန် စစ်ပွဲကိုသဘောမကျသလို လောင်စာစျေး များတက်လာခြင်းနှင့်အခြားသောကုန်စျေး နှုန်းများ တက်လာခြင်းတို့ကို သဘောမကျ ကြောင်းဖော်ပြထားသည်။ ထိုအချက်များက ထရန့်၏ရီပတ်ဘလီကင်ပါတီကို ထိခိုက်စေ နိုင်သည့် အချက်များဖြစ်သည်။

ဖေဖော်ဝါရီ ၂၈ ရက်တွင် အမေရိကန်နှင့် အစ္စရေးတို့ပူးပေါင်း၍ အီရန်ကို တိုက်ခိုက်ခဲ့ခြင်းကြောင့် ဖြစ်ပွားသော စစ်ပွဲအဆုံးသတ်ရေးအတွက် သံတမန်ရေးကြိုးပမ်းမှုများသည် နွေကတည်းက ထွက်ပေါက်မရှိ သောအနေအထားကို ကြုံတွေ့နေရသည်။

သို့ရာတွင် တာဝန်ရှိသူများက ဗုံး၏ထိ ရောက်မှုကို သံသယရှိနေကြသည်။ အထူးသဖြင့် အီရန်၏မြေအောက်နေရာများတွင် တည်ဆောက်ထားသော နျူကလီးယားတည် နေရာများကို ထိုဗုံး၏ဖျက်ဆီးနိုင်စွမ်းနှင့် ပတ်သက်၍ တာဝန်ရှိသူများက သံသယရှိ နေသည်။

“MOAB ဗုံးကတော့ကြီးမားတဲ့ဧရိယာကို ရှင်းလင်းရာမှာ တကယ်ကောင်းတဲ့ သတင်းအချက် အလက်စစ်ဆင်ရေး အမျိုးအစား လက်နက်ဖြစ်ပါတယ်။ ဒါပေမဲ့အဲဒါထက်မပိုပါ”ဟု သတင်းအရင်းအမြစ်က CNN ကို ပြောကြားခဲ့သည်။

မြေအောက်နက်ရှိုင်းသည့် နေရာကို ထိုးဖောက်ရန် ပုံစံထုတ်ထားသော ဗုံးမဟုတ် ဟု ဆိုသည်။ ကြီးမားသော ဗုံးကြောင့် အရပ်သားများ သေဆုံးမည့်အနေအထားအတွက် လည်း စိုးရိမ်ပူပန်မှုများရှိနေသည်။

အမေရိကန်စစ်တပ်က ၂၀၁၇ ခုနှစ် တုန်း က အာဖဂန်နစ္စတန်၌ ISIS များ ပုန်းခိုနေသည့် လိုဏ်ခေါင်းများနှင့် ဘန်ကာများကို MOAB ဗုံးကြဲချခဲ့ရာ စစ်သွေးကြွ ၉၀ ကျော် သေဆုံးခဲ့သည်။

Ref: AFP

မူရင်းသတင်း — Eleven Media Group