
အင်းလေးကန် ဖောင်တော်ဦး မြတ်စွာဘုရား ဒေသစာရီကြွချီပွဲတော် လေးရက်မြောက်တွင် ဟဲယာရွာမမှ ငါးဖယ်ချောင်းသို့ ကြွချီအပူဇော်ခံခဲ့ကြောင်း သိရသည်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက် (သီတင်းကျွတ်လဆန်း ၄ ရက်) နံနက် ၇ နာရီတွင် ဟဲယာရွာမကျောင်း မှ စတင်ထွက်ခွာကာ ဘုရားဆွဲလှေများဖြင့် ငါးဖယ်ချောင်းကျောင်းသို့ ကြွချီခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၁၈ ရက် (သီတင်းကျွတ်လဆန်း ၇ ရက်) တနင်္ဂနွေနေ့တွင် ညောင်ရွှေမြို့သို့ ဘုရားကြွရောက် မည်ဖြစ်ကာ နိုင်ငံတော်အကြီးအကဲ၏ ဘုရားဖူးခရီးစဉ်လည်းရှိကြောင်း သိရသည်။ ညောင်ရွှေမြို့တွင် အောက်တိုဘာ ၁၈ ရက်၊ ၁၉ ရက်၊ ၂၀ ရက်တို့တွင် သုံးညတိုင် ကိန်းဝပ်စံပယ်အပူဇော်ခံထားရှိမည်ဖြစ်ကာ အောက်တိုဘာ ၂၁ ရက်တွင် ညောင်ရွှေမြို့မှတစ်ဆင့် နံနက် ၇ နာရီတွင် နန်းသဲကျောင်းသို့ ထွက်ခွာမည် ဖြစ်ကြောင်း သိရသည်။
နောက်တစ်ရက် အောက်တိုဘာ ၁၆ ရက်တွင်လည်း အင်းလေးရိုးရာ လှေပြိုင်ပွဲကိုလည်း စတင်ကျင်းပမည် ဖြစ်ကြောင်း လှေပြိုင်ပွဲကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ ဦးတင်အောင်က ပြောကြားသည်။
အင်းလေးဖောင်တော်ဦး ရုပ်ရှင်တော်မြတ်စွာဘုရား လေးဆူဒေသစာရီကြွချီပွဲတော်ကို ၁၃၈၈ ခုနှစ်၊ သီတင်း ကျွတ်လဆန်း ၁ ရက်မှ သီတင်းကျွတ်လပြည့်ကျော် ၃ ရက် (အောက်တိုဘာ ၁၂ ရက်မှ ၂၉ ရက်) အထိ အင်းလေးဒေသ ၂၁ ဌာနကို ဒေသစာရီကြွချီပူဇော်ခံခြင်းဖြစ်ကြောင်း သိရသည်။