
■ လွန်ခဲ့သည့် ငါးနှစ်အတွင်း တွေ့ဆုံဆွေးနွေးမှု မပြုလုပ်ခဲ့သည့် KNU၊ CNF၊ ABSDF တို့ကိုလည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ပါဝင်ကြရန် ထပ်မံဖိတ်ခေါ်လိုဟုဆို
NCA ၏ အနှစ်သာရသည် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးကို နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များနှင့်အညီ တည်ဆောက်ရန်ဖြစ်ခြင်းကြောင့် သက်ဆိုင်သူအားလုံးအနေနှင့် ရှိပြီးသား ကတိကဝတ်များကို အလေးထားလိုက်နာပြီး ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ပြောကြားသည်။
ယနေ့(အောက်တိုဘာ ၁၅ ရက်) နံနက်ပိုင်းက နေပြည်တော်ရှိ Horizon Lake View ဟိုတယ်တွင်ကျင်းပသည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) ၁၁ နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားသို့ ပေးပို့သည့် Video မိန့်ခွန်းတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သသည်။
“ NCA ရဲ့ အနှစ်သာရကတော့ ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ထားပြီး လွတ်လပ်မှု၊ တန်းတူညီမျှမှုနဲ့ တရားမျှတမှုတို့ကို အခြေခံပြီးတော့မှ ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တို့ကို အာမခံတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကြီးကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်များနှင့်အညီ တည်ဆောက်ဖို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် သက်ဆိုင်သူအားလုံးအနေနဲ့ ရှိပြီးသား ကတိကဝတ်တွေကို အလေးထားလိုက်နာပြီး ပူးပေါင်းဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်” ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ပြောကြားသည်။
NCA သည် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် တစ်ခုသာမဟုတ်ဘဲ လက်နက်ကိုင်ပဋိပက္ခတွေ အဆုံးသတ်ရေး၊ နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် နိုင်ငံရေးနည်းလမ်းနှင့် ဖြေရှင်းရန် ချမှတ်ထားသည့် လုပ်ငန်းမူဘောင်လည်း ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ပြောကြားသည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က “ ဒါကြောင့် ရှိပြီးသား NCA သဘောတူညီချက်တွေကနေ သွေဖယ်ခြင်းမရှိဘဲ NCA လမ်းကြောင်းကို ဆက်လက်အကောင်အထည်ဖော်သွားကြဖို့ လိုအပ်ပါတယ်။ ဘယ်လောက်ပဲကြီးမားတဲ့ ပြဿနာတွေဖြစ်ပါစေ တွေ့ဆုံဆွေးနွေး ညှိနှိုင်းခြင်းဖြင့် အဖြေရှာနိုင်မယ်ဆိုရင် ပဋိပက္ခတွေကို လျော့ချနိုင်မှာလည်း ဖြစ်ပါတယ်။ သဘောထားကွဲလွဲမှု၊ သံသယနဲ့ မယုံကြည်မှုတွေ ရှိနေရင်တောင် ဒီမိုကရေစီနည်းလမ်းဖြစ်တဲ့ တွေ့ဆုံညှိနှိုင်းမှုကို လက်ခံကျင့်သုံးကြမယ်ဆိုရင် အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု ပြောကြားသည်။
နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းခြင်းတို့အတွက် ကြိုတင်ကန့်သတ်ချက်မထားသည့် ဆွေးနွေးပွဲကျင်းပရန် ဖိတ်ခေါ်ထားကြောင်း၊ NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့အစည်းတွေသာမက လက်မှတ်မရေးထိုးရသေးသည့် အဖွဲ့အစည်းများကိုလည်း တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်ထားပြီး ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ပြောကြားသည်။
“ လွန်ခဲ့တဲ့ ငါးနှစ်အတွင်း တွေ့ဆုံဆွေးနွေးမှု မပြုလုပ်ခဲ့တဲ့ KNU CNF ABSDF တို့ကိုလည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပါဝင်ကြဖို့ ထပ်မံဖိတ်ခေါ်လိုပါတယ်။ အလားတူ PDF အမည်ခံအဖွဲ့များအနေနဲ့လည်း နိုင်ငံနဲ့ ပြည်သူတွေရဲ့ အကျိုးစီးပွါးကို ရှေးရှုပြီး ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြဖို့ တိုက်တွန်းလိုပါတယ်။ ဒီမိုကရေစီကို လိုချင်တယ်ဆိုရင် စည်းကမ်းရှိတဲ့ ဒီမိုကရေစီ၊ အကြမ်းမဖက်တဲ့ လုပ်ရပ်များနဲ့သာ သွားရမှာဖြစ်ပါတယ်။ စဉ်းစားဆင်ခြင်ပြီး လုပ်ကြစေလိုပါတယ်။ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုမရှိဘဲ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ထိရောက်စွာ ဆောင်ရွက်နိုင်မှာ မဟုတ်ပါဘူး။ ရှေ့က ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ဆောင်နေပေမယ့် နောက်က အဖျက်လုပ်ငန်းတွေ ဆက်လက်ဖြစ်ပွါးနေမယ်ဆိုရင် သမင်မွေးရင်း ကျားစားရင်းဆိုသလို ရည်မှန်းချက်တွေ အကောင်အထည် ပေါ်လာမှာ မဟုတ်ပါဘူး။ ဒါကြောင့် ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး မိမိတို့ဖြစ်ချင်တာတွေကို တောင်းဆိုနေမယ့်အစား ဖြစ်သင့်ဖြစ်ထိုက်တာနဲ့ ဖြစ်နိုင်တာတွေကို တွေ့ဆုံဆွေးနွေး အဖြေရှာပြီး ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါတယ်” ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ပြောကြားသည်။ ထို့ပြင် ငြိမ်းချမ်းရေးသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ်လိုအပ်သည့် အခြေခံအုတ်မြစ်ဖြစ်ကြောင်း၊ ပြည်နယ်တစ်ခုသည် လူမျိုး တစ်မျိုးတည်း၏ ပိုင်ဆိုင်မှုမဟုတ်ဘဲ အဆိုပါဒေသ၌ နေထိုင်ကြတဲ့ လူမျိုးအားလုံး၏ ပိုင်ဆိုင်မှုဖြစ်သည်ဆိုသော သဘောထားကို အလေးထားဖို့လိုကြောင်း၊ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများသည် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများအတွက် ဆုံးရှုံးနစ်နာမှုများကိုသာ ဖြစ်ပေါ်စေခဲ့ပြီး ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွါးဘဝများကိုလည်း ထိခိုက်စေခဲ့ပါကြောင်းလည်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ပြောကြားသည်။