
ဒဂုံတက္ကသိုလ်အတွင်းရှိ အဆောက်အဦများကို ပြုပြင်တည်ဆောက်ပြီး ဘောလုံးကွင်းအား အဆင့်မြှင့်တင်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
ယနေ့(အောက်တိုဘာ ၁၅ ရက်က) ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ဒဂုံတက္ကသိုလ် အတွင်း/ အပြင်ရှိ ရေနှုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ဆောင်ရွက်မည့်အခြေအနေ၊ ပန်းခြံတည်ဆောက်မည့်နေရာ၊ ကျောင်းအဝင်လမ်းမကြီး မြေယာရှုခင်း ဆောင်ရွက်မည့်အခြေအနေများ၊ ဦးစားပေး(၁)ဖြင့် ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းဆောင်ရွက်မည့် အဆောက်အဦများ၊ အသစ်တည်ဆောက်မည့် အဆောက်အဦများ၏ တည်နေရာနှင့် ဘောလုံးကွင်း အဆင့်မြှင့်တင် တည်ဆောက်မည့်နေရာများ၏ အခြေအနေတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ဒဂုံတက္ကသိုလ်အတွင်း အဆောက်အဦများ ပြုပြင်တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်မည့်နေရာများသို့ ကွင်းဆင်းကြည့်ရှုကြပြီး ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ အဆောက်အဦဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒဂုံတက္ကသိုလ်ပါမောက္ခချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင်နှင့် တာဝန်ရှိသူ တို့မှ တက္ကသိုလ်အကွက်ချပုံစံတွင် လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများကို မြေပုံကားချုပ်ဖြင့် ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြကြောင်း သိရသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ဒဂုံတက္ကသိုလ် ဘွဲ့နှင်းသဘင်အဆောက်အဦ၏ အစည်းအဝေးခန်းမသို့ ရောက်ရှိရာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ ဒဂုံတက္ကသိုလ် အဆောက်အဦ အကွက်ချပုံစံ၊ တက္ကသိုလ်၏ အဝင်လမ်းမကြီး မြေယာရှုခင်း အဆိုပြု ဆောင်ရွက်မည့်ပုံစံ၊ အမိုးပါ ပေါင်းကူးလျှောက်လမ်းအဆိုပြုပုံစံ၊ ဦးစားပေး (၁)ဖြင့် ပြင်ဆင်ထိန်းသိမ်းခြင်း ဆောင်ရွက်မည့် အဆောက်အဦ(၂၉)လုံးစာရင်း၊ အသစ်တည်ဆောက် မည့် အရာထမ်းကြီး၊ အရာထမ်းငယ်နှင့် အရာထမ်းအိမ်ရာများ၊ ဆရာ/ ဆရာမ အိပ်ဆောင်၊ ကျောင်းသား/ ကျောင်းသူ အိပ်ဆောင် အဆောက်အဦ(၈)လုံးစာရင်းနှင့် ဘောလုံးကွင်း အဆင့်မြှင့် တင်ဆောင်ရွက်မည့်လုပ်ငန်းနှင့် စပ်လျဉ်း၍လည်းကောင်း၊ ဒဂုံတက္ကသိုလ်ပါမောက္ခချုပ်မှ တက္ကသိုလ် အတွင်း ပြန်လည်ပြုပြင်ရေး လုပ်ငန်းများဆောင်ရွက်မည့် အဆောက်အဦများ၊ အသစ် တည်ဆောက် မည့် အဆောက်အဦတည်နေရာများနှင့်စပ်လျဉ်း၍လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင်နှင့် တာဝန်ရှိသူတို့မှ ရေစုကန်၊ ရေစီး ရေလာလုပ်ငန်း များ၊ သဲမှုတ်တင်ခြင်းလုပ်ငန်းများနှင့် မြေယာရှုခင်းလုပ်ငန်း၊ အဝင်လမ်းမကြီး ပြင်ဆင်ခြင်း လုပ်ငန်းများနှင့်စပ်လျဉ်း၍လည်းကောင်း၊တက္ကသိုလ်အတွင်းရှိအဆောက်အဦများပြုပြင် တည်ဆောက် ရေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်မည့် ကုမ္ပဏီများမှ လုပ်ငန်းများ ဆောင်ရွက်မည့် အခြေအနေတို့အား သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးရှင်းလင်းတင်ပြခဲ့သည်။
တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ပြုပြင်တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် တက္ကသိုလ်အင်္ဂါရပ်နှင့်အညီ ဖြစ်စေရန်လိုအပ်ပါကြောင်း၊ အဆောက်အဦများ ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် စနစ်တကျတွက်ချက်၍ အသုံးပြုသည့်ပစ္စည်းများ အမျိုးအစား မှန်ကန်စေရေး Q.C အဖွဲ့များမှလည်း တည်ဆောက်သည့် အဆင့်အလိုက် စစ်ဆေးဆောင်ရွက်မည့် လုပ်ငန်းများကို အနီးကပ်ကြီးကြပ်မှုဖြင့် သေချာစွာဆောင်ရွက်သွားရန်၊ လုပ်ငန်းများဆောင်ရွက် ရာတွင် လက်ရာ သေသပ်ကောင်းမွန်စေရန်၊ အရည်အသွေးကောင်းမွန်စေရေး အလေးထားဆောင်ရွက် သွားရန်၊ တက္ကသိုလ်ပတ်ဝန်းကျင်တွင် စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းသာယာလှပရေး စနစ်တကျ ဆောင်ရွက်ရန်၊ကျောင်းအတွင်း ရေစီးရေလာကောင်းမွန်စေရေးနှင့် ရေကြီးရေလျှံမဖြစ်စေရေး ဂရုပြုဆောင်ရွက်သွားရန်၊ ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းများအား ကြိုတင်ပေါင်းစပ် ဆောင်ရွက် ထားရှိရန်၊ တည်ဆောက်ရေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်မည့် ကုမ္ပဏီများ အနေဖြင့်လည်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်ထားသည့် စံချိန်စံညွှန်း၊ အရည်အသွေး ပြည့်မီအောင် ဆောင်ရွက်သွားရန်၊ စီမံချက်အတိုင်း လုပ်ငန်းများပြီးစီးရေး ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် တာဝန်ယူဆောင်ရွက်သည့် ကုမ္ပဏီများ ပေါင်းစပ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ အစည်းအဝေးသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အဆောက်အဦ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ အင်ဂျင်နီယာချုပ်၊ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန ဒဂုံတက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဝင်နှင့်တာဝန်ရှိသူများ ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တက္ကသိုလ်အတွင်းရှိ အဆောက်အဦ များပြုပြင်တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်မည့် ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက် ကြောင်း သိရသည်။