Eleven Media Group

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်သစ် ရွေးချယ်မှုတွင် အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံစလုံး၏ ထောက်ခံမှုရသူ မရှိသေး

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်သစ် ရွေးချယ်ရေးအတွက် အောက်တိုဘာ ၁၆ ရက်က ပြုလုပ်ခဲ့သည့် အကြိုသဘောထားကောက်ယူမှုတွင် ကိုယ်စားလှယ်လောင်း ခုနစ်ဦးအနက် လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံစလုံး၏ ထောက်ခံမှုရသူ တစ်ဦးမျှမရှိခဲ့ဟု သိရသည်။

ကုလသမဂ္ဂကို ဦးဆောင်လာသည်မှာ ၁၀ နှစ်နီးပါး ရှိပြီဖြစ်သည့် အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်၏ နေရာကို ဆက်ခံမည့်သူကို ရွေးချယ်ရန် ဆောင်ရွက်နေကြခြင်းဖြစ်သည်။

လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်များဖြစ်သည့် အမေရိကန်၊ ရုရှား၊ တရုတ်၊ ဗြိတိန်နှင့် ပြင်သစ်တို့တွင် ဗီတိုအာဏာရှိကြသည်။ လက်ရှိကိုယ်စားလှယ်လောင်းများအနက် အဆိုပါငါးနိုင်ငံ၏ ထောက်ခံမှုကို မရရှိပါက ကိုယ်စားလှယ်လောင်းအသစ်များ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရနိုင်သည့် အခွင့်အလမ်းလည်း ရှိနေသည်။

ယခုအကြိုသဘောထား ကောက်ယူမှုတွင် ယခင်ပြုလုပ်ခဲ့သည့် ငါးကြိမ်နှင့်အလားတူ လုံခြုံရေးကောင်စီအဖွဲ့ ဝင် ၁၅ နိုင်ငံက ကိုယ်စားလှယ်လောင်းတစ်ဦးချင်းစီအပေါ် “ထောက်ခံသည်”၊ “ကန့်ကွက်သည်” ၊ “သဘောထားမရှိ” ဟူ၍ မဲပေးကြရသည်။ သို့သော် ယခုတစ်ကြိမ်တွင် အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံ၏မဲများကို အခြားအဖွဲ့ဝင်နိုင်ငံများ၏ မဲများနှင့် ခွဲခြားသိရှိနိုင်ရန် အနီရောင်မဲပြားများကို ပထမဆုံးအကြိမ် အသုံးပြုခဲ့သည်။ လျှို့ဝှက်မဲစနစ်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

လက်ရှိဦးဆောင်နေသည့် ကိုယ်စားလှယ်လောင်းသုံးဦးဖြစ်သော ကော်စတာရီကာနိုင်ငံမှ ကုလသမဂ္ဂ ကုန်သွယ်ရေးအကြီးအကဲ ရီဘက်ကာ ဂရင်စပန်၊ အာဂျင်တီးနားနိုင်ငံမှ ကုလသမဂ္ဂ နျူကလီးယားဆိုင်ရာ အကြီးအကဲ ရာဖေးလ် ဂရော့စီနှင့် ဂိုင်ယာနာနိုင်ငံ၏ ကုလသမဂ္ဂဆိုင်ရာသံအမတ် ကာရိုလင်း ရိုဒရီဂက်ဇ် ဘာကက်တို့က အမြဲတမ်းအဖွဲ့ဝင်ငါးနိုင်ငံထံမှ ကန့်ကွက်မဲ နှစ်မဲစီ ရရှိခဲ့ကြောင်း အမည်မဖော်လိုသူ သံတမန်နှစ်ဦးက ပြောသည်။ သို့သော် ကော်စတာရီကာနိုင်ငံ၏ ဒုတိယသမ္မတဟောင်းလည်းဖြစ်သူ ဂရင်စပန်သည် ထောက်ခံမဲကိုးမဲဖြင့် ကိုယ်စားလှယ်လောင်းများအနက် ထိပ်ဆုံးနေရာတွင် ဆက်လက် ရပ်တည်နေသည်။

အမေရိကန်အရာရှိများကမူ ဒေါ်နယ်ထရန့်အစိုးရက လက်ရှိကိုယ်စားလှယ်လောင်းများထဲမှ မည်သူ့ကိုမျှ အပြည့်အဝ သဘောကျခြင်းမရှိကြောင်း ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ပြောဆိုထားသည်။

လုံခြုံရေးကောင်စီ၏ တံခါးပိတ်အစည်းအဝေးအပြီး ထွက်လာသည့် အမေရိကန်သံအမတ် မိုက်ခ်ဝေါ့ဇ်က ကုလသမဂ္ဂတွင် ခိုင်မာတက်ကြွသည့် ခေါင်းဆောင်မှုကို လိုအပ်ပြီး ထိုခေါင်းဆောင်သည် အဖွဲ့ဝင် ၁၉၃ နိုင်ငံပါဝင်သည့် ကုလသမဂ္ဂကို ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုသည့် မူလရည်မှန်းချက်များအပေါ် ပြန်လည်အာရုံ စိုက်လာစေရမည်ဟု သတင်းထောက်များကို ပြောခဲ့သည်။

အစဉ်အလာအရ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရာထူးကို ဒေသအလိုက် အလှည့်ကျရွေးချယ်လေ့ရှိပြီး ယခု လက်တင်အမေရိကဒေသ အလှည့်ဖြစ်သည်။ အမျိုးသမီးခေါင်းဆောင်တစ်ဦးကို ပထမဆုံးအကြိမ် ရွေးချယ် သင့်ကြောင်းလည်း တိုက်တွန်းမှုများ ရှိနေသည်။

“ဒေသအလိုက် အလှည့်ကျရွေးချယ်ဖို့ ဆန္ဒရှိနေကြတာကို နားလည်ပါတယ်။ အကောင်းဆုံး ကိုယ်စားလှယ် လောင်းက အမျိုးသမီးဖြစ်မယ်ဆိုလည်း ကြိုဆိုမှာပါ။ အကောင်းဆုံး ကိုယ်စားလှယ်လောင်း ဖြစ်ဖို့ပဲလိုတာပါ” ဟု အမေရိကန်သံအမတ်က ပြောသည်။ လာမည့်သီတင်းပတ်တွင် အကြိုသဘောထားကောက်ယူမှု နောက် တစ်ကြိမ် ပြုလုပ်ဦးမည် ဖြစ်သည်။

Ref: AP

မူရင်းသတင်း — Eleven Media Group