
မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍကို ကူညီပေးရန်အတွက် စွမ်းအင်စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရန် စီစဉ်ထားကြောင်း China Datang ကုမ္ပဏီက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ ကချင်ပြည်နယ် မိုးမောက်မြို့တွင် တည်ဆောက်ထားသည့် တာပိန် (၁) ရေအားလျှပ်စစ်စက်ရုံကို မဟာဗျူဟာမြောက် အခြေပြုပြီး နောက်ထပ် စီမံကိန်းများ အကောင်အထည်ဖော်ရန် စီစဉ်ထားကြောင်း China Datang ကုမ္ပဏီက Eleven Media ကို ပြောကြားခဲ့သည်။
ထို့ပြင် တာပိန်မြစ်ဝှမ်းဒေသတွင် ရေအားလျှပ်စစ်၊ လေအားလျှပ်စစ်နှင့် ဆိုလာစွမ်းအင် အရင်းအမြစ်များအား ကနဦးအဆင့် ဆန်းစစ်လေ့လာမှုများ ပြုလုပ်ပြီးစီးခဲ့ကြောင်း၊ ထိုအရင်းအမြစ်များ ပါဝင်သည့် စီမံကိန်းများကိုလည်း အစီအစဉ်ရေးဆွဲထားပြီးဖြစ်ကြောင်း China Datang ကုမ္ပဏီက ပြောသည်။
နေပြည်တော်၊ မန္တလေး၊ ဗန်းမော် အပါအဝင် နေရာဒေသအချို့တွင်လည်း ဆိုလာစွမ်းအင် စီမံကိန်းများဖော်ဆောင်ရန် စီစဉ်ထားပြီး အဆိုပါ စီမံကိန်းများကို သင့်တော်ကောင်းမွန်သည့် အခြေအနေနှင့် အချိန်အခါတွင် အကောင်အထည်ဖော်သွားမည်ဟု China Datang ကုမ္ပဏီကဆိုသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၏ စွမ်းအင်အခြေခံအဆောက်အအုံကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန်အတွက် စိန်ခေါ်မှုများ ရှိနေသည်ဟု ဆိုသည်။
ပထဝီနိုင်ငံရေးအခြေအနေ၊ လုံခြုံရေးနှင့် လူမှုအဖွဲ့အစည်း တည်ငြိမ်ရေးဆိုင်ရာ စိန်ခေါ်မှုများရှိနေပြီး ရုရှား-ယူကရိန်းစစ်ပွဲ၊ အရှေ့အလယ်ပိုင်း ပဋိပက္ခ၊ အင်အားကြီးနိုင်ငံများကြား ပြိုင်ဆိုင်မှုပြင်းထန်လာခြင်း၊ တစ်ဖက်သတ်ပိတ်ဆို့မှုများချမှတ်ခြင်း အစရှိသည့် အခြေအနေများက ကမ္ဘာ့အခင်းအကျင်းအပေါ် သက်ရောက်မှုရှိနေသည်ဟု ဆိုသည်။
ထို့ပြင် မြန်မာနိုင်ငံ၏ အခြေခံအဆောက်အအုံကဏ္ဍသည် ဖွံ့ဖြိုးဆဲအခြေအနေတွင်ရှိနေဆဲဖြစ်ပြီး စွမ်းအင်ကဏ္ဍတွင် စွမ်းဆောင်ရည်အကန့်အသတ်ရှိနေသော်လည်း အဆိုပါ စိန်ခေါ်မှုများကို ဖြေရှင်းပြီး နှစ်နိုင်ငံအကျိုးရှိစေမည့် မိတ်ဖက်ဆက်ဆံရေးကို ထူထောင်မည်ဖြစ်ကြောင်း China Datang ကုမ္ပဏီက ပြောကြားခဲ့သည်။