
ဆော်ဒီအာရေဗျနိုင်ငံတွင် အကြမ်းဖက်မှုဆိုင်ရာ စွဲချက်များဖြင့် လူငါးဦးကို အောက်တိုဘာ ၁၇ ရက်တွင် သေဒဏ်စီရင်လိုက်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ ယခုနှစ်အတွင်း ဆော်ဒီတွင် သေဒဏ်စီရင်ခံရသူ စုစုပေါင်း ၁၈၈ ဦးအထိ ရှိလာပြီဖြစ်သည်။
ယခု သေဒဏ်စီရင်ခဲ့သည့် ငါးဦးစလုံးသည် ဆော်ဒီနိုင်ငံသားများဖြစ်ပြီး ပြည်ပအကြမ်းဖက်အဖွဲ့ အစည်းတစ်ခုနှင့် ပူးပေါင်းခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များကို ပစ်ခတ်ခြင်းနှင့် ပြည်တွင်းအကြမ်းဖက် တိုက်ခိုက်မှုများ လုပ်ဆောင်ရာတွင် ကူညီခဲ့ခြင်းတို့ဖြင့် ပြစ်မှုထင်ရှားကြောင်း တွေ့ရှိခဲ့သူများဖြစ်သည်။
ယခုနှစ် ဇန်နဝါရီလမှစ၍ အကြမ်းဖက်မှုဆိုင်ရာ ပြစ်မှုများဖြင့် သေဒဏ်စီရင်ခံရသူ ၁၅ ဦးရှိပြီဖြစ်ပြီး ၂၀၂၅ ခုနှစ်တွင် ပိုများခဲ့ကာ အကျဉ်းသား ၄၀ ကို အလားတူပြစ်မှုများဖြင့် ကွပ်မျက်ခဲ့သည်။
နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) ၏ အချက်အလက်များအရ ဆော်ဒီအာရေဗျသည် ၂၀၂၂ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း ကမ္ဘာပေါ်တွင် သေဒဏ်စီရင်မှု အများဆုံးနိုင်ငံ များအနက် တတိယနေရာတွင် ရှိနေသည်။ တရုတ်နှင့် အီရန်တို့က ထိပ်ဆုံးနှစ်နေရာကို ရယူထားသည်။
အများပြည်သူ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းရန် သေဒဏ်လိုအပ်ကြောင်း ဆော်ဒီအစိုးရက အခိုင်အမာပြောကာ အယူခံဝင်ခွင့်အားလုံး ကုန်ဆုံးပြီးမှသာ သေဒဏ်ကို အကောင်အထည်ဖော်သည်ဟု ဆိုသည်။
Source: AFP