
အိန္ဒိယနိုင်ငံ အရှေ့ပိုင်းတွင် ဟိန္ဒူဘာသာရေး ပွဲတော်တစ်ခုကျင်းပချိန်အတွင်း ရုတ်တရက် မိုးရွာသွန်းမှုကြောင့် လူအုပ်ကြီးကြား တိုးဝှေ့ပြီး ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သဖြင့် အနည်းဆုံး လူ ၁၉ ဦး သေဆုံးပြီး နှစ်ဆယ်ကျော် ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များနှင့် အိန္ဒိယမီဒီယာများက အောက်တိုဘာ ၁၇ ရက်တွင် ပြောကြားခဲ့သည်။
ကိုးလ်ကတ္တားမြို့တွင် ကျင်းပသည့် Durga Puja ဟိန္ဒူပွဲတော်မဏ္ဍပ်ပြင်ပ၌ ဖြစ်ပွားခဲ့သော အဆိုပါဖြစ်စဉ် ကြောင့် သေဆုံးသူများထဲတွင် အသက် ၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးပါဝင်ပြီး အခြား ၂၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အနောက်ဘင်္ဂလားပြည်နယ်၏ ဝန်ကြီးချုပ် ဆူဗန်ဒူ အက်ဟီကာရီက သတင်းထောက်များ ကို ပြောကြားခဲ့သည်။
“ လက်ရှိအချိန်ထိ ရုပ်အလောင်း ၆ လောင်း ဟာ ဘယ်သူဘယ်ဝါဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပြီး ဖြစ်ပါတယ်” ဟု အက်ဟီကာရီက ပြောခဲ့သည်။
စီမံခန့်ခွဲမှု အားနည်းခြင်းနှင့် ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ လစ်ဟင်းမှုများကြောင့် ဘာသာရေးပွဲတော် များကဲ့သို့သော အိန္ဒိယနိုင်ငံ၏ လူစုလူဝေးအခမ်းအနားများတွင် လူအုပ်ကသောင်းကနင်းဖြစ်ပြီး သေဆုံးမှုများ ဖြစ်ပွားလေ့ရှိသည်။
ပြီးခဲ့သည့်နှစ်ကလည်း အိန္ဒိယနိုင်ငံ၏ Kumbh Mela ပွဲတော်တွင် လူအုပ်ကသောင်းကနင်းဖြစ်ပွားပြီး လူ ၃၀ သေဆုံးခဲ့သည်။
Ref:AFP