Eleven Media Group

တောင်သူလယ်သမားများအတွက် မြေဆီမြေဩဇာကို စပါးစိုက်ပျိုးချိန်တွင် မရဘဲ ရိတ်သိမ်းချိန်ရောက်မှ ရောင်းချပေးနေခြင်းသည် ရုပ်ပျက်ဆင်းပျက်နိုင်သည့် လုပ်ရပ်ဟု ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ် ပြောကြား

တောင်သူလယ်သမားများအတွက် မြေဆီမြေဩဇာကို စပါးစိုက်ပျိုးချိန်တွင် မရဘဲ ရိတ်သိမ်းချိန်ရောက်မှ ရောင်းချပေးနေခြင်းသည် ရုပ်ပျက်ဆင်းပျက်နိုင်သည့် အခြေအနေဟု ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ်က ပြောကြားသည်။

အောက်တိုဘာ ၁၉ ရက်ကပြုလုပ်သော တတိယအကြိမ်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ စတုတ္ထပုံမှန်အစည်းအဝေး တတိယနေ့ အစီအစဉ်တွင် သုံးခွမြို့နယ် ကိုယ်စားလှယ်အမှတ်(၂) ဦးလှဌေးက အရည်အသွေးပြည့်မီသော မြေဆီ မြေဩဇာများ တောင်သူလယ်သမားကြီးများ လက်ဝယ်သို့ စိုက်ပျိုးချိန်အမီ ရောင်းချ ပေးရန်နှင့်စပ်လျဉ်းပြီးမေးခွန်းမေးမြန်းရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

"တောင်သူလယ်သမားကြီးတွေဟာ စိုက်ပျိုးဖို့အတွက် လိုအပ်တဲ့ မြေဆီမြေဩဇာကို ပြင်ပမှ နေ၍ ပြင်ပ ပေါက်ဈေးနှင့် ဝယ်ယူ သုံးစွဲနေရတဲ့အတွက် ကုန်ကျစရိတ် ပိုမိုများပြားလာပါတယ်။သွင်းအားစု မြင့်တက်နေတဲ့အတွက် ထွက်ကုန် ပေါ်မှာလည်း တန်ဖိုး မြင့်တက်လာပါတယ်။တောင်သူလယ်သမားကြီးများအတွက် အကျိုးအမြတ် နည်းပါးလာရပါတယ်။

နိုင်ငံတော်မှ နေ၍ စိုက်ပျိုးရေးကဏ္ဍကို အထူးအလေးထားဦးစားပေး ဆောင်ရွက်နေချိန်မှာ တောင်သူလယ်သမားကြီးများအတွက် မြေဆီမြေဩဇာကို စပါးစိုက်ပျိုးချိန်မှာ မရဘဲ ရိတ်သိမ်းချိန်ရောက်မှ ရောင်းချပေးနေတာဟာ တော်တော်လေးကို ရုပ်ပျက်ဆင်းပျက်နိုင်တဲ့ လုပ်ရပ်တစ်ခုလို့ ပြောချင်ပါတယ်"ဟု ဦးလှဌေးက ပြောကြားသည်။

ဆက်လက်ပြီး၎င်းက "စပါးစိုက်ပျိုးဖို့ မြေပြင်စိုက်ပျိုးချိန် အချိန်အခါမှာ တောင်သူလယ်သမားကြီးများအတွက် အလိုအပ်ဆုံးအရာဟာ မြေဆီ၊ မြေဩဇာပဲ ဖြစ်ပါတယ်။ သို့သော်လည်း သက်ဆိုင်ရာဌာနများဟာ မြေဆီမြေဩဇာကို လိုအပ်သည့်အချိန်မှာ ရောင်းချပေးခြင်းမရှိဘဲ မလိုအပ်သည့်အချိန်မှသာ ရောင်းချပေး ပါတယ်။ မျိုးစေ့ချစတင်ကြရမည့်အချိန်မှာ မြေဆီမြေဩဇာ ရောင်းချပေးခြင်းမရှိဘဲ စပါးရိတ်သိမ်းပြီး သယ်ယူပို့ဆောင်ကြသည့်အချိန်မှ မြေဆီမြေဩဇာ ရောင်းချပေးပါတယ်။ ဒီအမှားအယွင်းကြီးကို သက်ဆိုင်ရာ ဌာနတွေက အမှန်တရားလို့ ယူဆထားကြတာလား၊ တမင်ဖန်တီးထားသည့် ဖြစ်စဉ်လားဆိုတာ သူတို့ အသိဆုံးပဲ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်ဟာ တစ်ခါတရံဖြစ်စဉ်မဟုတ်ဘဲ အမြဲတမ်းလုပ်ရပ်တစ်ခု ဖြစ်ကြောင်း တောင်သူလယ်သမားကြီးများထံမှ သိရပါတယ်"ဟု ပြောကြားသည်။

အဆိုပါ သုံးခွမြို့နယ် ကိုယ်စားလှယ်အမှတ်(၂) ဦးလှဌေး၏ မေးခွန်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာထူးမောင်က ပြန်လည်ဖြေကြားခဲ့သည်။

"အဲဒီ ခရမ်းသုံးခွဘက်မှာ ဒါ တောင်သူလယ်သမားတွေနဲ့ တချို့ မြေပြင်ကွင်းဆင်းစစ်ဆေးတဲ့အခါ တချို့ ကြဲပက်တဲ့စပါး စိုက်ပျိုးတဲ့အခါမှာ သူက စောစီးစွာ စိုက်ပျိုးထားတဲ့အတွက်ကြောင့်မို့လို့ ဒီ ဓါတ်မြေဩဇာတွေ အရောက်ပို့တဲ့အခါမှာ အနည်းငယ် နောက်ကျသွားတဲ့ အနေအထားတော့ ရှိပါတယ်။ အဲဒီအတွက်ကို ဒီ နောက် ဒီ အခု လာမယ့်နှစ်တွေမှာ မဖြစ်ဖို့အတွက် ဒါ ကျွန်တော်တို့က ကြိုတင်စာရင်းကောက်ယူတာ၊ ကြဲပတ်စပါး ဧရိယာမှာ ဧက ဘယ်လောက် ဘယ်တောင်သူတွေ စိုက်ပျိုးထားတာ ဒါနဲ့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနကနေ တစ်ဆင့် စီစစ်ပြီးတော့ ကျွန်တော်တို့ တင်ပြပြီးတော့ စောလျင်စွာ ဆောင်ရွက်ပေးနိုင်ဖို့ ညွှန်ကြားထားရှိပြီး ဖြစ်ပါကြောင်း ဖြေကြားအပ်ပါတယ်"ဟု ဝန်ကြီးက ပြောကြားသည်။

မူရင်းသတင်း — Eleven Media Group