
DeepSeek တရုတ်AI ကို အမေရိကန်အစိုးရ၏ အရပ်ဘက်အဖွဲ့အစည်းများ အသုံးပြုသည့် ကွန်ရက်များတွင် အသုံးပြုခွင့် ပိတ်ပင်လိုက်ကြောင်း ဒေါ်နယ်ထရန့်အစိုးရက အောက်တိုဘာ ၁၉ ရက်တွင် ကြေညာလိုက်သည်။
တရုတ်နှင့် အမေရိကန်တို့ကြား နည်းပညာပြိုင်ဆိုင်မှု ပိုမိုပြင်းထန်လာချိန် သူလျှိုလုပ်မှုနှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အန္တရာယ်များကို အကြောင်းပြု၍ ထိုညွှန်ကြားချက်ကို ချမှတ်ခဲ့ခြင်းဖြစ်သည်။
အမေရိကန် အမိမြေလုံခြုံရေးဌာန၏ ဥပဒေအကြံပေးချုပ် ဂျိမ်းစ်ပါစီဗယ်က DeepSeek ၏ ဆာဗာများသည် တရုတ်နိုင်ငံတွင် တည်ရှိနေကြောင်း ၊ တရုတ်ပြည်တွင်း ဥပဒေများအရ အစိုးရ၏ ဆိုက်ဘာလုံခြုံရေးနှင့် ထောက်လှမ်းရေးဆိုင်ရာ အဖွဲ့အစည်းများသည် ပုဂ္ဂလိကကုမ္ပဏီများ၏ အိုင်တီစနစ်များကို ကျယ်ကျယ်ပြန့်ပြန့် ဝင်ရောက်ခွင့်ရှိကြောင်း သတိပေးခဲ့သည်။
DeepSeek ၏စနစ်ကြောင့် အသုံးပြုသူများ၏ လုပ်ငန်းဆောင်ရွက်မှုနှင့် သက်ဆိုင်သည့် အရေးကြီးသော မေးမြန်းချက်များကို နိုင်ငံခြားမှ ကြားဖြတ်ရယူနိုင်သည့် အန္တရာယ်ရှိကြောင်း ၊ အချက်အလက်များကို တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးပို့ခြင်းသည် အမေရိကန်နိုင်ငံသားများ သို့မဟုတ် အစိုးရအစီအစဉ်များနှင့် ပတ်သက်သည့် ထောက်လှမ်းရေးအချက်အလက်များ ရရှိစေနိုင်ကြောင်းလည်း ပါစီဗယ်က ညွှန်ကြားချက်ထဲတွင် သတိပေးထားသည်။
အမေရိကန် အမိမြေလုံခြုံရေးဌာန၏ အဆိုအရ DeepSeek ၏ မိုဘိုင်းဆော့ဖ်ဝဲ၌ အရေးကြီးသည့် လုံခြုံရေးအားနည်းချက်များနှင့် အသုံးပြုသူတစ်ဦးချင်းစီကို ခွဲခြားသိရှိနိုင်စေသည့် အချက်အလက်ကောက်ယူမှုဆိုင်ရာ အန္တရာယ်များကို တွေ့ရှိခဲ့သည်။
ယခုညွှန်ကြားချက်အရ အမေရိကန်အစိုးရ၏ အရပ်ဘက်အေဂျင်စီများသည် လက်ရှိအသုံးပြုနေသည့် DeepSeek ဆော့ဖ်ဝဲများ၊ ၎င်းနှင့်ဆက်စပ်သည့် ကိရိယာများအပြင် DeepSeek ၏ နည်းပညာအခြေခံကို အသုံးပြုတည်ဆောက်ထားသည့် ပြင်ပအက်ပလီကေးရှင်းများကိုလည်း ချက်ချင်းဖယ်ရှားရမည်ဖြစ်သည်။ ထို့ပြင် DeepSeek ကို အစိုးရက အသုံးပြုခွင့်ပြုထားသည့် ထုတ်ကုန်စာရင်းထဲမှလည်း ဖယ်ရှားရမည်ဖြစ်သည်။
သို့သော် အစိုးရလုပ်ငန်းတာဝန်များအတွက် မရှိမဖြစ်လိုအပ်သည့် အသုံးပြုမှုများရှိပါက သက်ဆိုင်ရာအေဂျင်စီများသည် ဆိုက်ဘာလုံခြုံရေးနှင့် အခြေခံအဆောက်အအုံ လုံခြုံရေးအေဂျင်စီ (CISA) မှတစ်ဆင့် ကင်းလွတ်ခွင့်ရရှိရန် စာဖြင့် လျှောက်ထားနိုင်ပြီး လျှောက်ထားရန် ရက်ပေါင်း ၆၀ အချိန်ပေးထားသည်။
တရုတ်အစိုးရဘက်ကလည်း တရုတ်ကုမ္ပဏီများ၏ တရားဝင်အခွင့်အရေးနှင့် အကျိုးစီးပွားများကို ပြတ်ပြတ်သားသား ကာကွယ်သွားမည်ဟု အောက်တိုဘာ ၂၀ ရက်တွင် တုံ့ပြန်ခဲ့သည်။
Photo: AP