Eleven Media Group

ကနေဒါမှ ခွဲထွက်ရေးအတွက် ဆန္ဒခံယူပွဲပြုလုပ်မည့် အယ်ဘာတာခွဲထွက်ရေးသမားများ၏ အစီအစဉ် ရှုံးနိမ့်

အမေရိကန်နှင့် အခြေအနေပိုဆိုးလာသော ဆက်ဆံရေးများကို ရင်ဆိုင်နေရသည့် ကနေဒါ၏ အယ်ဘာတာပြည်နယ်သည် မဖြစ်မနေလိုက်နာရမည့် လွတ်လပ်ရေး လူထုဆန္ဒခံယူပွဲကျင်းပရန် အစီအစဉ်ကို မဲခွဲပယ်ချခဲ့သည်ဟု အောက်တိုဘာ ၂၀ ရက်တွင် ထွက်ပေါ်လာသောရလဒ်များက ဖော်ပြ‌နေသည်။

ပြည်သူ့ရုပ်သံ CBC နှင့် ထိပ်တန်းပုဂ္ဂလိကရုပ်သံ CTV တို့က ဖက်ဒရယ်ဝါဒီဘက်က ပြတ်ပြတ်သား သားအနိုင်ရသည်ဟု ဖော်ပြခဲ့ကြသည်။

မဲ ၄၅ ရာခိုင်နှုန်းနီးပါး ရေတွက်ပြီးချိန်တွင် ၇၆ ရာခိုင်နှုန်းက အယ်ဘာတာကို ကနေဒါတွင် ဆက်လက်ရှိရေးအတွက် ထောက်ခံခဲ့ကြသည်ဟု တရားဝင်ရလဒ်များအရ သိရသည်။

ဝန်ကြီးချုပ် မာ့ခ်ကာနေးက ရလဒ်ကို ကြိုဆိုလိုက်ပြီး အယ်ဘာတာပြည်နယ်သူပြည်နယ်သားများက စည်းရုံးညီညွတ်ရေးကို ပြတ်ပြတ်သားသားရွေးချယ်ခဲ့ကြသည်ဟု ပြောကြားခဲ့သည်။

"သူတို့က စည်းလုံးညီညွတ်မှုကို ရွေးခဲ့ကြပါတယ်။ သူတို့က အတူတကွ တည်ဆောက်ဖို့ ရွေးချယ်ခဲ့ကြပါတယ်။ သူတို့က တစ်ဦးနဲ့တစ်ဦး စောင့်ရှောက်ကြဖို့ ရွေးချယ်ခဲ့ပါတယ်"ဟု X တွင် ထုတ်ပြန်ချက်၌ ကာနေးက ဖော်ပြခဲ့သည်။

အယ်ဘာတာတွင် ကြီးပြင်းခဲ့သော ကာနေးက အယ်ဘာတာပြည်နယ်သည် ခွဲထွက်ရေးဝါဒကို ပယ်ချရန် တိုက်တွန်းခဲ့သည်။

ကနေဒါသည် အမေရိကန်သမ္မတ၏ ကုန်သွယ်ရေးစစ်ပွဲနှင့် ကနေဒါကိုပိုင်နက် အဖြစ်သိမ်းမည်ဟူသော ခြိမ်းခြောက်မှုများကို ရင်ဆိုင်နေရချိန်တွင် တည်ငြိမ်မှုရှိရေးသည် လိုအပ်သည်ဟု ဝန်ကြီးချုပ်က ဆိုခဲ့သည်။

ပြည်နယ်မြို့တော် အက်မင်တန်ရှိ စားသောက်ဆိုင်တွင် ထိပ်တန်းခွဲထွက်ရေးအုပ်စုက ရလဒ်များကို စောင့်ကြည့်နေခဲ့သည်။

အယ်ဘာတာကြွယ်ဝရေးပရော်ဂါ၏ ထိပ်တန်းခွဲထွက်ရေးခေါင်းဆောင် ဂျက်ဖရေးရတ်က အောက်တိုဘာ ၁၉ ရက် မဲခွဲပွဲရလဒ် မည်သို့ပင်ထွက်လာသည်ဖြစ်စေ လွတ်လပ်ရေးအတွက် မိမိ၏ကြိုးပမ်းမှုသည် လုံးဝ ဆက်လက်ရှိနေလိမ့်မည်ဟု သတင်းထောက်များကို ပြောကြားခဲ့သည်။

သိရသလောက် မိမိတို့ အနိုင်ရပြီဟုသူက ပြောကြားခဲ့ပြီး မိမိတို့ကဤပြည်နယ်တွင် အင်အားကြီးမားသောလှုပ်ရှားမှုတစ်ရပ်ကို ဖန်တီးခဲ့ပြီးပြီဟု သူက ပြောကြားခဲ့သည်။

မိမိတို့က လွတ်လပ်ရေး၏အကျိုးအမြတ်များကို အယ်ဘာတာသားများအား ပညာပေးနေကြောင်း၊ မိမိတို့ ရှေ့ဆက်သွားမည်ဖြစ်ကြောင်း ဂျက်ဖရေးရတ်က ပြောကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group