Eleven Media Group

တောင်တရုတ်ပင်လယ်ရှိ အငြင်းပွားရေပြင်ကို ဖြတ်သန်းသွားသော အ‌‌မေရိကန်စစ်သင်္ဘောကို ခြေရာခံစောင့်ကြည့်ခဲ့သည်ဟု တရုတ်စစ်တပ် ပြောကြား

တရုတ်စစ်တပ်က တောင်တရုတ်ပင်လယ်ရှိ အငြင်းပွားနေသော ရေပြင်တွင် ခုတ်မောင်းသွားသော အမေရိကန်စစ်သင်္ဘောကို ခြေရာခံစောင့်ကြည့်ရန် တပ်ဖွဲ့များအား စေလွှတ်ခဲ့သည်ဟု အောက်တိုဘာ ၂၀ ရက်တွင် ပြောကြားခဲ့သည်။

ကမ်းနီးတိုက်ခိုက်ရေးသင်္ဘော USS Charleston သည် ရှန်းပင်းဂျောင်းနှင့်ကပ်နေသောရေပြင်ကို တရားမဝင် ကျူးကျော်လာခဲ့သည်ဟု ပြည်သူ့လွတ်မြောက်ရေးတပ်က ပြောကြားခဲ့သည်။

စပရတ်တလေကျွန်းစုများရှိ အငြင်းပွားနေသော ဆာဘီနာသောင်အတွက် တရုတ်နာမည် ရှန်းပင်းဂျောင်းကို တရုတ်စစ်တပ်က အသုံးပြုခဲ့သည်။

ဖိလစ်ပိုင်၊ မလေးရှား၊ဗီယက်နမ်တို့၏ ကမ်းရိုးတန်းများ၏အလွန်တွင် တည်ရှိသော စပရတ်တလေကျွန်းတန်းကို တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အားလုံးဖြစ်စေပိုင်သည်ဟု တရုတ်၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ တရုတ်(တိုင်ပေ)ခေါ် ထိုင်ဝမ်တို့က တောင်းဆိုနေကြသည်။

တရုတ်၏ပြည်သူ့လွတ်မြောက်ရေးတပ်က အမေရိကန်သင်္ဘောကို ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ခြေရာခံ စောင့်ကြည့်ရန် တပ်ဖွဲ့များကို စေလွှတ်ခဲ့သည်ဟု တရုတ်စစ်တပ်၏တောင်ပိုင်း ကွပ်ကဲရေးဌာနက ဆိုရှယ်မီဒီယာ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

အမေရိကန်ရေတပ်သည် တရုတ်၏ အချုပ်အခြာကို ချိုးဖောက်သည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပြီး အမေရိကန်က ယခုကဲ့သို့သောလုပ်ရပ်များကို ချက်ချင်းရပ်တန့်ရန်လည်း သတိပေးခဲ့သည်။

အမေရိကန်သည် ဖိလစ်ပိုင်၏ရင်းနှီးသောမဟာမိတ်ဖြစ်သည်။ အမေရိကန်တပ်ဖွဲ့များက အငြင်းပွားရေပိုင်နက်တွင် ပုံမှန်ခုတ်မောင်းနေသည်။

အမေရိကန်စစ်သင်္ဘောက တရုတ်ပိုင်နက်ထဲ ကျူးကျော်ဝင်ရောက်သည်ဟူသော တရုတ်၏ပြောဆိုမှု ကို ဖိလစ်ပိုင်က အောက်တိုဘာ ၂၀ ရက်တွင် ပယ်ချခဲ့သည်။

"အပြည်ပြည်ဆိုင်ရာ ရေပြင်ကို တရားဝင်ဖြတ်သန်းခြင်းအတွက် ကြိုတင်ခွင့်ပြုချက်လိုအပ်ကြောင်း နိုင်ငံတစ်နိုင်ကမျှ အခွင့်အာဏာမရှိ"ဟု ဖိလစ်ပိုင်ရေတပ်ဗိုလ်ချုပ်ဗင်းစင့်ထရီနီဒတ်က သတင်းထောက်များကို ပြောကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group