Eleven Media Group

နည်းဗျူဟာပိုင်းအပေါ် ဘရူနိုဖာနန်ဒက်စ်၏ ဝေဖန်မှုအတွက် ကာရစ် တုံ့ပြန်ပြောကြား

Photo: X

မန်ယူနည်းပြ ကာရစ်သည် အသင်း၏ နည်းဗျူဟာပိုင်းအပေါ် ဘရူနိုဖာနန်ဒက်စ်၏ ဝေဖန်မှုအတွက် တုံ့ပြန်ပြောကြားခဲ့ကြောင်း သိရသည်။
မန်ယူအသင်းသည် မနေ့က ယှဉ်ပြိုင်ခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ကိုမိုအသင်းကို (၁-၄)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲစုံနောက်ဆုံး(၇)ပွဲဆက် နိုင်ပွဲပျောက်ခဲ့သလို၊ (၄)ပွဲမြောက် ရှုံးနိမ့်မှုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
ကိုမိုနှင့်ပွဲအပြီးတွင် အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က ပြိုင်ဘက်အသင်းအား တစ်ဦးချင်းလူကပ်ပြီး ဖိအားပေးမကစားစေခြင်းမှာ နည်းပြအဖွဲ့၏ ဆုံးဖြတ်ချက်ဖြစ်ကြောင်းနှင့် ပြိုင်ဘက်အသင်းကို နေရာလွတ်များ ပေးခဲ့ခြင်းကြောင့် ယုံကြည်မှု ပိုရရှိသွားခဲ့ကြောင်း ပြောကြားခဲ့သည်။
ထို့ကြောင့် ဂျာနယ်လစ်တစ်ဦးက ကာရစ်၏ နည်းဗျူဟာ မှားယွင်းခဲ့သည်ဟု ဆိုလိုချင်သလားဟု မေးမြန်းခဲ့ရာ ''အဲဒါက နည်းပြနဲ့ နည်းပြအဖွဲ့က ပြောရမှာပါ။ ကျွန်တော် ပြောရမှာမဟုတ်ပါဘူး'' ဟု ပြောကြားခဲ့သည်။
ထို့ကြောင့် ကာရစ်က ဘရူနိုဖာနန်ဒက်စ်၏ ဝေဖန်မှုကို တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။
''ဘယ်လိုစနစ်နဲ့ပဲ ကစားကစား၊ ဘယ်လိုနည်းဗျူဟာနဲ့ပဲ ကစားကစား၊ မင်းက မပြေးဘူးဆိုရင်၊ ရှေ့ကိုလည်း မပြေးဘူး၊ နောက်ကိုလည်း မပြေးဘူးဆိုရင် အနိုင်ရမှာမဟုတ်ပါဘူး'' ဟု ကာရစ်က ပြောကြားခဲ့သည်။
ကာရစ်က အဝေးကွင်းသို့ လိုက်ပါအားပေးခဲ့ကြသည့် မန်ယူပရိသတ်များကို တောင်းပန်စကားပြောကြားခဲ့ပြီး လက်ခံနိုင်ဖွယ်မရှိသည့် ရလဒ်ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်းလည်း သိရသည်။

မူရင်းသတင်း — Eleven Media Group