Eleven Media Group

မန်စီးတီးအသင်း ချန်ပီယံဆုများ ရုပ်သိမ်းခံရပါက ခြေထောက်တွင် ထိုးထားသည့် တက်တူးကို ဖျက်ပစ်မည်ဟု ဝေါ်လ်ကာ ပြောကြား

Photo: X

မန်စီးတီးကစားသမားဟောင်းဖြစ်သည့် အင်္ဂလန်နောက်ခံလူ ဝေါ်လ်ကာက မန်စီးတီးအသင်းအနေဖြင့် ချန်ပီယံဆုများ ရုပ်သိမ်းခံရပါက ၎င်း၏ခြေထောက်တွင် ထိုးထားသည့် တက်တူးကို ဖျက်ပစ်မည်ဟု ပြောကြားခဲ့သည်။
ဝေါ်လ်ကာသည် မန်စီးတီးအသင်းတွင် ၂၀၁၇ မှ ၂၀၂၅ ခုနှစ်အထိ ယှဉ်ပြိုင်ကစားခဲ့သူဖြစ်ပြီး ပရီးမီးယားလိဂ်ချန်ပီယံဆု(၆)ကြိမ်နှင့် ချန်ပီယံလိဂ်ဖလား (၁)ကြိမ်အပါအဝင် ဆုဖလားများစွာ ရယူနိုင်ခဲ့သည်။
မန်စီးတီးအသင်းသည် လက်ရှိအချိန်တွင် ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုအတွက် ပြစ်ဒဏ်ချမှတ်ခံရတော့မည်ဖြစ်ပြီး ရရှိထားသည့် ဆုဖလားအချို့ကို ပြန်လည်ရုပ်သိမ်းခံရမည်ဟု သိရသည်။
မန်စီးတီးအသင်းသည် ၂၀၀၉ မှ ၂၀၁၈ ခုနှစ်အတွင်း၌ ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်ခဲ့ခြင်းဖြစ်သည့်အတွက် ယင်းကာလအတွင်း ရရှိထားသည့် ဆုဖလားများကို ရုပ်သိမ်းခံရဖွယ်ရှိနေခြင်းဖြစ်သည်။
ဝေါ်လ်ကာသည် မန်စီးတီးအသင်း ပရီးမီးယားလိဂ်ချန်ပီယံဆု (၄)ရာသီဆက်တိုက်ရရှိခဲ့ချိန်တွင် ပါဝင်ခဲ့သောကြောင့် ၎င်း၏ခြေထောက်တွင် 4 IN A ROW ဟူသည့်စာသားကို တက်တူးထိုးထားခြင်းဖြစ်သည်။
ယင်းကာလမှာ ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်သည့်ကာလနှင့် သက်ဆိုင်ခြင်းမရှိသော်လည်း ဆုဖလားများ ရုပ်သိမ်းခံရပါက တက်တူးကို ဖျက်ပစ်မည်ဟု ဝေါ်လ်ကာက ပြောကြားခဲ့ခြင်းဖြစ်သည်။
လက်ရှိအချိန်၌ လိဂ်ချန်ပီယံရှစ်ကလပ် ဘန်လေအသင်းတွင် ယှဉ်ပြိုင်ကစားနေသည့် ဝေါ်လ်ကာက တက်တူးဖျက်ပစ်ရသည့် အခြေအနေ မရောက်ရှိရန် မျှော်လင့်ကြောင်းလည်း ပြောကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group