Eleven Media Group

■ ဝေဖန်ခံနေရသည့် “Scarlet Heart Thailand” ဇာတ်လမ်းတွဲတွင် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များမှာ အရေးပါသည့် အရင်းအမြစ်များအနက် တစ်ခုအပါအဝင်ဖြစ်သည်ဟု GMMTV ထုတ်ပြန်

ဝေဖန်ခံနေရသည့် Scarlet Heart Thailand” ဇာတ်လမ်းတွဲတွင် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များမှာ အရေးပါသည့် အရင်းအမြစ်များအနက် တစ်ခုအပါအဝင်ဖြစ်သည်ဟု GMMTV ကထုတ်ပြန်သည်။

တရုတ်နိုင်ငံနှင့် ကိုရီးယားနိုင်ငံများတွင် နာမည်ကြီး လူကြိုက်များ အောင်မြင်ခဲ့သည့် Scarlet Heart ဇာတ်လမ်းတွဲကို ထိုင်းနိုင်ငံတွင် ပုံစံတစ်မျိုးဖြင့် ပြန်လည်ရိုက်ကူးထားခြင်းဖြစ်ကာ နိုဝင်ဘာ ၄ ရက်တွင် စတင်ထုတ်လွှင့်ရန်စီစဉ်ထားခြင်းဖြစ်သည်။

အဆိုပါ ဇာတ်လမ်းတွဲ၏ နောက်ဆုံးထွက် trailer နှင့် ပရိုမိုးရှင်းပုံများမှာ ကုန်းဘောင်ခေတ်နှောင်းပိုင်း ထိုင်မသိမ်းဝတ်စုံများကို ဝတ်ဆင်ထားပြီး ဆီမီးခွက်အကဖြင့် ဖျော်ဖြေနေသည့် ဇာတ်ဝင်ခန်းများပါဝင်လာရာမှစတင်ကာ ကန့်ကွက်မှုများလည်း ရှိလာခဲ့ ခြင်းဖြစ်သည်။

ယင်းသို့ ကန့်ကွက်မှုများရှိချိန်တွင် အဆိုပါရုပ်သံဇာတ်လမ်းတွဲကို ရိုက်ကူးထုတ်လုပ်ခဲ့သည့် GMMTV က ထုတ်ပြန်လာခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ အနုပညာနှင့် ယဉ်ကျေးမှုအမွေအနှစ်များမှာ ဇာတ်လမ်းတွဲအတွက် စိတ်ကူးဉာဏ်ရယူရာတွင် အရေးပါသော အရင်းအမြစ်များထဲမှ တစ်ခုဖြစ်ပြီး တန်ဖိုးထားလေးစားကြောင်း၊ ဇာတ်လမ်းတွဲတွင် ပါဝင်သော ယဉ်ကျေးမှုဆိုင်ရာ အစိတ်အပိုင်းများမှာ ထိုင်းယဉ်ကျေးမှုတစ်ခုတည်းကိုသာ ကိုယ်စားပြုသည်ဟု ဖော်ပြရန် ရည်ရွယ်ထားခြင်း မဟုတ်ကြောင်း GMMTV က ထုတ်ပြန်သည်။

ထုတ်လုပ်ရေးအဖွဲ့အနေဖြင့် ဇာတ်လမ်းအကြောင်းအရာနှင့် ဇာတ်ကောင်များ၏ သဘောသဘာဝတို့နှင့် ကိုက်ညီစေရန် ဝတ်စုံဒီဇိုင်း၊ အနုပညာလက်ရာများနှင့် ယဉ်ကျေးမှုဆိုင်ရာ အစိတ်အပိုင်းများကို သုတေသနပြုလေ့လာကာ ဖန်တီးတင်ဆက်ခဲ့ခြင်း ဖြစ်သည်ဟု အဆိုပါ ကုမ္ပဏီက ထုတ်ပြန်သည်။
ဇာတ်လမ်းတွဲတွင် ယဉ်ကျေးမှုဆိုင်ရာ အစိတ်အပိုင်းများကို တင်ဆက်ပုံနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများနှင့် မကျေနပ်မှုများ ဖြစ်ပေါ်ခဲ့ရသည့်အတွက် ရိုးသားစွာ တောင်းပန်အပ်ကြောင်း၊ စိုးရိမ်ပူပန်မှုများကို အလေးအနက်လက်ခံပြီး ယဉ်ကျေးမှုတစ်ခုချင်းအား သင့်လျော်စွာ ကိုယ်စားပြုဖော်ပြရန်နှင့် ​​လေးစားမှုရှိပြီး အလေးထားဖော်ပြရန် ဆောင်ရွက်လျက်ရှိသည်ဟု ကုမ္ပဏီဘက်က ထုတ်ပြန်ထားသည်။

ဇာတ်လမ်းတွဲဖန်တီးရာတွင် လန်နာ (Lanna)၊ တိုင် (Tai) လူမျိုးစု၊ တရုတ်နှင့် မြန်မာတို့၏ အနုပညာနှင့် ယဉ်ကျေးမှုအမွေအနှစ်များမှ စိတ်ကူးဉာဏ်များကို ရယူထားပြီး ဇာတ်လမ်း၏ စိတ်ကူးယဉ်ကမ္ဘာနှင့် ကိုက်ညီစေရန် ဖန်တီးမှုပုံစံဖြင့် ပြန်လည်ပေါင်းစပ်တင်ဆက်ထားခြင်း ဖြစ်သည်ဟု သိရသည်။

မြန်မာနိုင်ငံမှ သရုပ်ဆောင်အချို့နှင့် လူမှုကွန်ရက် သုံးစွဲသူအချို့က မြန်မာ့ရိုးရာဝတ်စုံနှင့် ဆီမီးခွက်အကအကြောင်းကို အထောက်အထားများဖြင့် ပြသပြီး လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် ဝေဖန်နေခြင်းများလည်းရှိနေသည်။

အဆိုပါ ရုပ်သံဇာတ်လမ်းတွဲတွင် ထိုင်းနာမည်ကြီး သရုပ်ဆောင်များဖြစ်သည့် အမျိုးသမီးသရုပ်ဆောင် Tu Tontawan အပါအဝင် Win Metawin၊ Nanon Korapat၊ Phuwin Tangsakyuen နှင့် Perth Tanapon အစရှိသူတို့ ပါဝင်သရုပ်ဆောင်ထားသည်။


သတင်း အပြည့်အစုံ ဖတ်ရှုရန် - - - >>>
#news#media#elevennews#GMMTV #မြန်မာနိုင်ငံ
■ Eleven Website:https://news-eleven.com
■ Eleven Broadcasting YouTube:https://m.youtube.com/c/elevenwebtv11
■ Eleven Sports YouTube:https://m.youtube.com/c/ElevenSports11
■ Eleven Telegram Channel : https://t.me/elevenmediagroup
■ Eleven Viber : https://vb.me/elevenmediagroup

မူရင်းသတင်း — Eleven Media Group