Myanmar National Post

မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံ ဆင်ခြေလျှောမြေသားနိမ့်ကျမှုအား ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်


နေပြည်တော်၊ အောက်တိုဘာ ၂၆

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံ၏ဆင်ခြေလျှော နိမ့်ကျမှုအား ပြန်လည်ပြုပြင်ခြင်းများကို အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ ပူးပေါင်းကာ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

တမံ၏ အထက်ရေပြင်နှင့် ထိစပ်အပိုင်းမှစ၍ တမံလျော့အိ ကျနေရာတစ်လျှောက်တွင် မိုးရေစိုခြင်း၊ နေပူဒဏ်နှင့် ရေလှိုင်းရိုက်ခတ်ခြင်းဒဏ် မခံရစေရန်အတွက် မိုးရေကာဖျင်များ စနစ်တကျ အုပ်မိုးကာကွယ်ခြင်း၊ တမံလျော့အိကျမှုကို ကာကွယ်ထိန်းသိမ်းရန်နှင့် တမံအောက်ခြေဆင်ခြေလျှော၏ အပြင်ဘက်မှ တမံတာအောက်ခြေအား ပိုမိုခိုင်မာတောင့်တင်းမှု ရှိစေရန်မြေသားတမံပုံစံ ဆောင်ရွက်ခြင်းတို့ကို စက်ယန္တရားများ အသုံးပြု၍ ယနေ့တွင် အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်ပေးကြ သည်။

ထို့ပြင် သိုလှောင်ထိန်းသိမ်းထားရှိသည့် မမြရေလှောင်တမံရေပြင်၏ နိမ့်မြင့်အမှတ် ၃၁၅ ပေမှ သိုလှောင်ရေလျှော့ချနိုင်ရန် တမံ၏အရေးပေါ်ရေပိုလွှဲမှ ရေထုတ်လွှတ်လျက်ရှိရာ အောက်တိုဘာ ၂၅ ရက် ညနေပိုင်းတွင် တမံရှိရေ ၂၉၈ ဒသမ ၅၀ ပေသာ ကျန်ရှိတော့သဖြင့် ၁၆ ဒသမ ၅၀ ပေခန့် ရေထုတ်လွှတ်လျှော့ချပြီးဖြစ်ကြောင်း သိရှိရသည်။

ထို့အပြင် တမံဆင်ခြေလျှော နိမ့်ကျမှုဖြစ်ပွားသည့်နေရာအနီးရှိ ကျေးရွာများမှ ဒေသခံပြည်သူများအား လိုအပ်သောကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများနှင့် ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများရှိ ချုံနွယ်များ၊ ပေါင်းမြက်များကို နယ်မြေခံတပ်မတော်သားများနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ ဆောင်ရွက်ပေးလျက်ရှိရာ အနောက်တောင်တိုင်းစစ်ဌာနချုပ်က တာဝန်ရှိသူများနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။       


#News #Myanmar

မူရင်းသတင်း — Myanmar National Post