



ဘားအံ၊ အောက်တိုဘာ ၂၆
ဇွဲကပင်တောင်နှင့် ကပ်လျှက်ရှိသည့် နွားလပို့တောင်ပေါ်တွင် လမ်းပျောက်နေသော လူငယ် (၇) ဦးအား ဘားအံခရိုင်မီးသတ်ဦးစီးဌာနက ရှာဖွေကယ်ဆယ်မှုများ လုပ်ဆောင်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ယမန်နေ့ အောက်တိုဘာလ (၂၅) ရက်နေ့ နံနက် (၉) နာရီအချိန်ခန့်က ဘားအံမြို့နေ အသက် (၁၈) နှစ်အရွယ် မောင်နွေရဲရင့် အပါအဝင် Grade (12) ကျောင်းသား သူငယ်ချင်း (၇) ဦးမှာ ဇွဲကပင်တောင်ပေါ်သို့တက်ရောက်ခဲ့ကြပြီး ထိုမှ နွားလပို့တောင်ပေါ်သို့ ဆက်လက်တက်ရောက်ခဲ့ပြီးအပြန်တွင် ည (၇) နာရီလောက်မှ ကျောင်းသားတစ်ယောက်ရဲ့ မိဘတစ်ဦး ကျနော်တို့ ဆီကိုရောက်လာပြီးတော့ ညနေ (၃) နာရီ မိနစ် (၅၀) လောက်မှာ ဖုန်းဆက်လာတယ်ပေါ့။ သူတို့ကို လာခေါ်ပါပေါ့။ မိုးတွေလေတွေလည်းကျတော့ကြောက်ပြီး လမ်းပျောက်နေကြလို့ မပြန်တတ်ကြတော့ဘူးဆိုပြီး ဖုန်းဆက်လာတဲ့အကြောင်းကို အကြောင်း ကြားလာပါတယ်" ဟု ဘားအံခရိုင်မီးသတ်ဦးစီးမှူး ဦးသန့်ဇင်ဝင်း ကပြောသည်။
ည (၇) နာရီ လောက်မှာ ကျနော်ဦး ဆောင်ပြီးတော့ မီးသတ်တပ်ဖွဲ့ Rescue Team က ဇွဲကပင်တောင်ပေါ်ကိုတက်ပြီးတော့ ရှာဖွေကယ်ဆယ်ရေးစတင်လုပ်ဆောင်ကြပါတယ်။ ည (၉) နာရီခွဲအချိန်မှာ ကလေးတွေရှိနေတဲ့နေရာကို ရောက်သွားပါတယ် ဟု ၎င်းကဆက်ပြောသည်။
ယမန်နေ့ ညနေပိုင်းအချိန်မှစတင်ကာ ဘားအံမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းသည့်အပြင် မိုးကြိုးများလည်းပစ်ကြောင်း၊ ကလေးများစောင့်ဆိုင်နေကြသည့်နေရာအနီး မိုးကြိုး ပစ်ချသည့်အတွက် ကလေးတချို့အလန့်တကြားပြေးလွှားရင်း ပွန်းခြစ်ဒဏ်ရာတချို့ရရှိခဲ့ကြောင်း ၎င်းကဆိုသည်။
ည (၁၂) နာရီ (၂၅) မိနစ်လောက်မှာ တောင်ခြေကိုပြန်ရောက်ကြပြီး ကလေးတွေကို ကျန်းမာရေးစောင့် ရှောက်မှုပေးပြီးတော့ ည (၁၂ ၄၀) အချိန်တွင် မိဘများထံ ပြန်လည်အပ်နှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လူငယ် (၇) ဦးမှာ ဘားအံမြို့ပေါ်တွင် နေထိုင်ကြသူများဖြစ်ကြောင်းနှင့် ၎င်းတို့အားလုံးကို ဘေးကင်းစွာဖြင့် ပြန်ခေါ်လာနိုင်ခဲ့ကြောင်း သိရသည်။
#ရာမညအသံ
#News #Myanmar