Eleven Media Group

■၂၀၂၆ ခုနှစ် ​အောက်တိုဘာ ၄ ရက်ထိ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတွင် ပါဝင်ပတ်သက်သူ နိုင်ငံပေါင်း (၅၉) နိုင်ငံမှ နိုင်ငံခြားသား ၇၃,၀၈၅ ဦးကို မြန်မာနိုင်ငံက သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်ပို့ဆောင် ပေးခဲ့ပြီးဖြစ်

■ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာ A/81/302 ပါ အစီရင်ခံစာတစ်ခုလုံးနှင့် ဖော်ပြထားသည့် အချက်များနှင့် အကြံပြုချက်များကို ပါဝင်ပတ်သက်ခြင်း မရှိကြောင်းနှင့် ကန့်ကွက်ပယ်ချကြောင်း နိုင်ငံခြား​ရေးဝန်ကြီးဌာန ထုတ်ပြန်

၂၀၂၆ ခုနှစ် ​အောက်တိုဘာ ၄ ရက်ထိ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတွင် ပါဝင်ပတ်သက်သူ နိုင်ငံပေါင်း (၅၉) နိုင်ငံမှ နိုင်ငံခြားသား ၇၃,၀၈၅ ဦးကို မြန်မာနိုင်ငံက သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်ပို့ဆောင် ပေးခဲ့ပြီးဖြစ်ကြောင်း မြန်မာနိုင်ငံခြား​ရေးဝန်ကြီးဌာနက ယ​နေ့(​အောက်တိုဘာ ၂၆ ရက်)တွင် ထုတ်ပြန်ချက်တွင် ​ဖော်ပြထားသည်။

ကုလသမဂ္ဂအတွင်း​ရေးမှူးချုပ်၏ မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေဆိုင်ရာ အစီရင်ခံစာအပေါ် ကန့်ကွက်သည့် မြန်မာနိုင်ငံ၏ လေ့လာတွေ့ရှိချက်များအား မြန်မာနိုင်ငံခြား​ရေးဝန်ကြီးဌာနက ထုတ်ပြန်ရာတွင် ထိုသို့ထည့်သွင်း​ဖော်ပြထားခြင်း ဖြစ်သည်။

နိုင်ငံခြား​ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် (၈၁) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ကာလအတွင်း တတိယကော်မတီ အစည်းအဝေးသို့ တင်သွင်းမည့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာ (A/81/302) ထွက်ရှိခဲ့​​ကြောင်း၊ ကုလသမဂ္ဂအတွင်း ရေးမှူးချုပ်၏ ယခုအစီရင်ခံစာသည် အထွေထွေညီလာခံအဆို ဆုံးဖြတ်ချက် (80/221) အရ ၂၀၂၅ ခုနှစ် သြဂုတ် ၁ ရက်မှ ၂၀၂၆ ခုနှစ် ဇူလိုင် ၃၁ ရက် ကာလအတွက် ထုတ်ပြန်ခဲ့ခြင်းဖြစ်​ကြောင်း၊ ယင်းအစီရင်ခံ စာသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် လူမှုစီးပွားရေးအခြေအနေများကို တစ်ဖက်သတ် စွပ်စွဲဖော်ပြထားသည်ကို တွေ့ရ​ကြောင်း ​ဖော်ပြထားသည်။

နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် လက်တွေ့ကျကျ ကြိုးပမ်းဆောင်ရွက်ချက်များကို လျစ်လျူရှုထားပြီး ယခင်အစီရင်ခံစာများနည်းတူ အစိုးရဆန့်ကျင်သည့် အဖွဲ့များ၏ အာဘော်များကို ထင်ဟပ်လျက် မှန်ကန်မှုမရှိသည့် အချက်အလက်များကို ဖော်ပြထားခြင်းဖြစ်​ကြောင်း၊ ဖော်ပြထားသည့် အကြောင်းအရာများသည် လုပ်ပိုင်ခွင့်အပ်နှင်းခံရသူများ (mandate holders) ၏ စွပ်စွဲချက်များအပေါ်၌သာ အဓိကအခြေခံထားပြီး ကိုးကားသည့် အချက်အလက်များသည်လည်း ဆန့်ကျင် ဘက်အဖွဲ့အစည်းများနှင့် ပြင်ပမီဒီယာများထံမှ အဓိကရယူထားကြောင်း တွေ့ရှိရ​ကြောင်း၊ သို့ဖြစ်၍ အစီရင်ခံစာ၏ ဘက်လိုက်မှု ကင်းရှင်းမှု၊ မျှတမှုနှင့် မှန်ကန်မျှတစွာ စိစစ်ဖော်ပြမှုတို့အပေါ် မေးခွန်းထုတ်ဖွယ်ရာ ဖြစ်စေ​ကြောင်း နိုင်ငံခြား​ရေးဝန်ကြီးဗဌာနက ထုတ်ပြန်သည်။

ထို့ပြင် မြန်မာနိုင်ငံသည် လူသားချင်းစာနာမှုအကူအညီများကို ခွဲခြားမှုမရှိဘဲ အချိန်မီပေးအပ်နိုင်ရေး ကတိပြုထားပြီး ဝန်ထမ်းများ၏ လုံခြုံရေးကို အစဉ်ဦးစားပေး ဆောင်ရွက်လျက်ရှိသည်။ ကုလသမဂ္ဂမျက်နှာစာ၌ မြန်မာကိုယ်စားပြုမှု အခြေအနေသည် စိန်ခေါ်မှုများရှိသော်လည်း မြန်မာအစိုးရအနေဖြင့် ကုလသမဂ္ဂ အေဂျင်စီများအား မြန်မာ့မြေပေါ်တွင် ဆက်လက်လက်ခံထားရှိပြီး အပြုသဘော ပူးပေါင်းဆောင်ရွက်လျက်ရှိ​ကြောင်း၊ လက်ရှိတွင် မြန်မာနိုင်ငံ၌ ကုလသမဂ္ဂအဖွဲ့အစည်း ၁၇ ခုမှ နိုင်ငံတကာဝန်ထမ်း ၂၇၆ ဦး၊ မြန်မာနိုင်ငံ သားဝန်ထမ်း ၇,၆၂၆ ဦးတို့ဖြင့် နိုင်ငံတစ်ဝန်း လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ကုလသမဂ္ဂအေဂျင်စီများမှ စီမံကိန်း ၄၃ ခုနှင့် နိုင်ငံတကာအစိုးရမဟုတ်သောအဖွဲ့အစည်းများမှ စီမံကိန်း ၈၈ ခုကို ဖော်ဆောင်ပေးလျက်ရှိ​ကြောင်း၊ ၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လအထိ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ အဆင့်မြင့် အရာရှိကြီးများ၏ ခရီးစဉ် ၄၆ ခု၊ သံတမန်များ၏ ခရီးစဉ် ၂,၃၀၀ ကျော် (၂၀၂၆ ဇန်နဝါရီလမှ စက်တင်ဘာ လအတွင်း ၃၅၃ ခု) နှင့် ကုလသမဂ္ဂဝန်ထမ်းများအား ခရီးသွားလာခွင့် (၁၀၆) ကြိမ်အထိ အဆင်ပြေစွာ ခွင့်ပြုပေးခဲ့ပြီးဖြစ်​ကြောင်း နိုင်ငံခြား​ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်​ ဖော်ပြထားသည်။

ယင်းအပြင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) သည် UNOCHA၊ UNHCR၊ UNICEF၊ WFP၊ UNFPA အစရှိသော ကုလသမဂ္ဂအေဂျင်စီများနှင့် ပူးပေါင်း၍ ကရင်၊ ရခိုင်၊ ရှမ်း၊ ချင်း၊ မကွေးနှင့် စစ်ကိုင်းတို့မှ မြို့နယ် (၂၀) ကျော်၌ အကူအညီများပံ့ပိုးပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးခဲ့​ကြောင်း၊ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးအခြေခံနိုင်ငံဖြစ်ရာ ပြည်တွင်းစား နပ်ရိက္ခာဖူလုံရေး (Self-sufficiency) ကို ထိန်းသိမ်းထားနိုင်ဆဲဖြစ်ပြီး ရေရှည်တည်တံ့သော စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးရေးအတွက်လည်း ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိ​ကြောင်း နိုင်ငံခြား​ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

မြန်မာနိုင်ငံသည် နယ်စပ်ဖြတ် ကျော်အုပ်စုဖွဲ့ရာဇဝတ်မှုပုံစံမျိုးစုံကို ထိရောက်စွာတားဆီးနှိမ်နင်းနိုင်ရေးအတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်လျက်ရှိ​ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် တရားမဝင်မူးယစ် ဆေးဝါးရောင်း ဝယ်မှုများ၊ လူကုန်ကူးမှုများ၊ နယ်စပ်ဖြတ်ကျော် ဆက်သွယ်ရေးကွန်ရက်များကို အသုံးပြု၍ လိမ်လည်မှုများနှင့် အွန်လိုင်းလိမ်လည်မှုများကို ပစ်မှတ်ထား၍ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို အောင်မြင်စွာ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ခဲ့​ကြောင်း၊ အဆိုပါကြိုးပမ်းဆောင်ရွက်မှုများကို ပိုမိုအားကောင်းစေရန်အတွက် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်း (Anti-Online Scam Bill) ကိုလည်း ၂၀၂၆ ခုနှစ် ဇူလိုင် ၃၁ ရက်တွင် လွှတ်တော်မှ အတည်ပြုခဲ့ပြီးဖြစ်​ကြောင်း၊ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများသည် နိုင်ငံတစ်နိုင်ငံတည်းတွင်သာ ဖြစ်ပွားနေသည့် ပြဿနာမဟုတ်ဘဲ နိုင်ငံအားလုံးကို ထိခိုက်စေသည့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတစ်ရပ်ဖြစ်​ကြောင်း၊ ထိုသို့သော ပြဿနာကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်း နိုင်ရန်အတွက် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စုပေါင်းကြိုးပမ်းဆောင်ရွက်ခြင်းနှင့် အပြန်အလှန် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန် လိုအပ်​ကြောင်း၊ စုံစမ်းစစ်ဆေးချက်များအရ အဆိုပါပြစ်မှုများတွင် ကျူးလွန် သူများ၏ ၉၉ ရာခိုင်နှုန်းမှာ နိုင်ငံခြားသားများဖြစ်ကြပြီး၊ ၎င်းတို့သည် အိမ်နီးချင်းနိုင်ငံများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာကာ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက် ခဲ့ကြကြောင်း တွေ့ရှိရ​ကြောင်း၊ ၂၀၂၆ ခုနှစ် ​အောက်တိုဘာ ၄ ရက်ထိ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတွင် ပါဝင်ပတ်သက်သူ နိုင်ငံပေါင်း (၅၉) နိုင်ငံမှ နိုင်ငံခြားသား စုစုပေါင်း ၇၃,၀၈၅ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီးဖြစ်​ကြောင်း၊ မြန်မာနိုင်ငံ၏ လုံခြုံရေးတပ်ဖွဲ့များသည်လည်း ရာဇဝတ်မှု ကွန်ရက် များကို ဆက်လက်ဖော်ထုတ်၍ ထိရောက်စွာနှိမ်နင်းနိုင်ရေး တက်ကြွစွာ ဆောင်ရွက်လျက်ရှိ​ကြောင်း နိုင်ငံခြား​ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ထို့အတူ မြန်မာအစိုးရအနေဖြင့် ဗဟို မိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ် (CEIR) စတင် အသုံးပြုဆောင်ရွက်မည့် အစီအစဉ်ကို နိုင်ငံတကာစံနှုန်းများနှင့်အညီ တရားမဝင် မိုဘိုင်းစက်ပစ္စည်း တင်သွင်းမှုများ၊ ခိုးယူမှုများနှင့် ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုသည့်တရားမဝင်ရာဇဝတ်မှုများကို ကာကွယ်ရန်၊ တရားဥပဒေ စိုးမိုးရေးနှင့် ပြည်သူများ၏ လုံခြုံရေးကို အဓိကထား ဆောင်ရွက်ခြင်းသာဖြစ်ပြီး တစ်ဦးတစ်ယောက်ချင်း၏ ကိုယ်ရေးကိုယ်တာ လုံခြုံမှုကို ချိုးဖောက်ရန် ရည်ရွယ်ခြင်း လုံးဝမရှိကြောင်း ရှင်းလင်းဖော်ပြအပ်​ကြောင်း နိုင်ငံခြား​ရေးဝန်ကြီးဌာနက ဆိုသည်။

မြန်မာနိုင်ငံသည် ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေပါ သတ်မှတ်ချက်များနှင့် ကိုက်ညီသူများကို နိုင်ငံသား အဆင့်အတန်း ပေးအပ်လျက်ရှိသော်လည်း နိုင်ငံတော်၏ဥပဒေနှင့် သမိုင်းမှတ်တမ်းအထောက်အထားများတွင် မည်သည့်အခါကမျှ မရှိခဲ့သော “ရိုဟင်ဂျာ” ဆိုသည့် လုပ်ကြံဖန်တီးထားသော အသုံးအနှုန်းကို အသိအမှတ် မပြုကြောင်း အလေးအနက် ထပ်လောင်းပြောကြားလို​ကြောင်း၊ မှတ်တမ်းများအရ ၂၀၁၇ ခုနှစ်တွင် ARSA ၏ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်မတိုင်ခင် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် နေထိုင်သူ ၇၄၀,၀၀၀ ဦးကျော်ရှိ​ကြောင်း ယင်းဖြစ်စဉ်ပြီးနောက် ၅၄၀,၀၀၀ ဦးသည် ဘင်္ဂလားဒေ့ရှ်ဘက်သို့ နေရပ်စွန့်ခွာခဲ့ပြီး ဦး​ရေနှစ်သိန်း ကျော် ဆက်လက်ကျန်ရှိနေ​ကြောင်း၊ အစိုးရအနေဖြင့် ရခိုင်ပြည်နယ်မှ ထွက်ခွာခဲ့သူများအနက်မှ စိစစ်အတည် ပြုပြီးသူများ ပြန်လည်ဝင်ရောက်နိုင်ရေးကို ဆောင်ရွက်ရန် ကတိကဝတ်ပြုထားပြီး၊ နှစ်နိုင်ငံအကြား လက်မှတ် ရေးထိုးထားသော သဘောတူညီချက်များကို တိတိကျကျ လိုက်နာလျက် သက်ဆိုင်ရာစိစစ် အတည်ပြုရေး လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်လျက်ရှိ​ကြောင်း သိရသည်။

၂၀၂၆ ခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ ဘင်္ဂလားဒေ့ရှ်မှ အသုတ် ​ခြောက်သုတ်ခွဲ၍ ပေးပို့ထားသည့် ၈၂၈,၈၂၄ ဦးစာရင်းအနက် ၄၄၉,၁၉၃ ဦးကို စိစစ်ပြီးဖြစ်​ကြောင်း၊ ရခိုင်ပြည်နယ်တွင် ယခင်ကနေထိုင်ခဲ့သူ ၃၂၆,၃၇၆ ဦး၊ အကြမ်းဖက် လုပ်ရပ်တွင်ပါဝင်သူ ၄,၂၅၄ ဦး၊ စိစစ်အတည်မပြုနိုင်သူ ၁၁၈,၅၆၃ ဦးရှိ​​ကြောင်း၊ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် တည်ငြိမ်လုံခြုံမှုပြန်လည်ရရှိသည်နှင့် နှစ်နိုင်ငံအကြား သဘောတူညီချက် များနှင့်အညီ စိစစ်အတည်ပြုထားသည့် နေရပ်စွန့်ခွာသူများကို လက်ခံရန် ထပ်လောင်းဖော်ပြ​ကြောင်း၊၂၀၂၅ ခုနှစ်မှ ယခုအချိန်အထိ နိုင်ငံတစ်ဝန်းလုံးရှိ ဘင်္ဂါလီ (၁၃,၀၀၀) ဦးကို ၁၉၈၂ နိုင်ငံသားစိစစ်ရေး ဥပဒေ အောက်မှ နိုင်ငံသားပေးအပ်ခဲ့ပြီးဖြစ်ကာ ယင်းတွင် ရခိုင်ပြည်နယ်မှ ဘင်္ဂါလီ (၆,၂၀၀) ဦး အပါအဝင်ဖြစ်​ကြောင်း နိုင်ငံခြား​ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

သက်ဆိုင်ရာနိုင်ငံ၏ သဘောတူညီချက်မပါဘဲ အစီရင်ခံစာမူကြမ်းကို အတည်ပြုပြဋ္ဌာန်းခြင်းသည် အချုပ်အခြာအာဏာ တန်းတူညီမျှမှု မူဝါဒကိုလိုက်နာရန် ပျက်ကွက်ကြောင်း ပြသနေ​ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းသည် ဘက်လိုက်မှုမရှိရေးနှင့် တရားမျှတမှုတို့ကို ထိခိုက်စေသည့်အပြင် လူသားချင်းစာနာထောက်ထားမှုနှင့် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရာတွင် လိုတစ်မျိုး၊ မလိုတစ်မျိုးဖြင့် စံနှုန်းနှစ်မျိုး (double standard) ကျင့်သုံးခြင်းကို ဖော်ပြရာရောက်​ကြောင်း၊ ထို့ကြောင့် မြန်မာအစိုးရအနေဖြင့် စာရွက်စာတမ်းအမှတ် A/81/302 ပါ အစီရင်ခံစာ တစ်ခုလုံးနှင့် ဖော်ပြထားသည့် အချက်များနှင့် အကြံပြုချက်များကို ပါဝင်ပတ်သက်ခြင်းမရှိ (dissociate) ကြောင်းနှင့် ကန့်ကွက်ပယ်ချကြောင်းဖော်ပြအပ်​ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

မူရင်းသတင်း — Eleven Media Group