Myanmar National Post

ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး ထိုင်း ဒုဝန်ကြီးချုပ် မှတ်ချက်ပေးပြီ



အောက်တိုဘာ - ၂၆ ( တနင်္လာနေ့) 

ထိုင်းနိုင်ငံခြားရေးဝန်ကြီးကတော့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် က သူမရဲ့သားနဲ့ ဖုန်းပြောခွင့်ရခဲ့တဲ့သတင်းကို ကြိုဆိုလိုက်ပါတယ်။ အာဆီယံက မြန်မာ့အရေးနဲ့ ပတ်သက်ပြီး သဘောထားချမှတ်ဖို့ စဉ်းစားနေတဲ့အချိန်မှာ ဒါကို အပြုသဘောဆောင်တဲ့ လက္ခဏာတစ်ခုလို့ သူက ခေါ်ဆိုခဲ့ပါတယ်။

ဒုတိယဝန်ကြီးချုပ်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဖြစ်တဲ့ စီဟစက် ဖွမ်ကတ်ကောင်  က အောက်တိုဘာ ၂၄ ရက်နေ့ က ပြောကြားခဲ့တာပါ။ ကင်အဲရစ်စ် က သူ့အမေနဲ့ လွန်ခဲ့တဲ့ ၅ နှစ်အတွင်း ပထမဆုံး အကြိမ် အဖြစ် စကားပြောခွင့်ရခဲ့တယ်လို့ ပြောပြီးတဲ့နောက်မှာ အခုလို မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၁ အာဏာထိမ်းချိန်ကစပြီး အထိန်းသိမ်းခံထားရတာပါ။

မြန်မာနိုင်ငံကို ထိုင်းနိုင်ငံရဲ့ တစိုက်မတ်မတ် ချဉ်းကပ်ပုံကနေ ကောင်းမွန်တဲ့ အရိပ်အယောင်တွေ စတင်ပြသလာနေပြီလို့ စီဟစက်က ပြောပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံဘက်ကနေ ဒေါ်အောင်ဆန်းစုကြည်ကို အလည်အပတ် လာရောက်တွေ့ဆုံခွင့်တွေ စတင်ပေးလာပြီလို့လည်း သူက မှတ်ချက်ပြုခဲ့ပါတယ်။

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ ဒါရိုက်တာက ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်တိုင်သွားရောက်တွေ့ဆုံခဲ့ပြီး ကျန်းမာရေးကောင်းမွန်ကြောင်း အတည်ပြုပေးနိုင်ခဲ့တယ်လို့ သူက ပြောပါတယ်။ 

စီဟစက်က မြန်မာ့ပြဿနာဟာ မြန်မာနိုင်ငံကိုယ်တိုင်သာ ဖြေရှင်းရမယ့်ကိစ္စဖြစ်ပြီး အိမ်နီးချင်းနိုင်ငံတွေ အနေနဲ့ လုပ်သင့်လုပ်ထိုက်တာတွေ လုပ်လာအောင် အကြံဉာဏ်နဲ့ ထောက်ပံ့ကူညီမှုတွေပဲ ပေးနိုင်တယ်လို့ အလေးပေး ပြောကြားခဲ့ပါတယ်။

ဖိအားတွေ ဘယ်လောက်အထိ ပေးသင့်သလဲဆိုတဲ့အပေါ်မှာတော့ ထိုင်းနိုင်ငံရဲ့ အခန်းကဏ္ဍဟာ အားပေးတိုက်တွန်းမှုနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်တာလောက်နဲ့သာ ကန့်သတ်ထားတယ်လို့ သူက ဆိုပါတယ်။ “ဘယ်လောက်ပဲ ဖိအားပေးပါစေ၊ သူတို့သာ ဆက်ပြီး မလုပ်ဘူးဆိုရင် ဘာမှလုပ်လို့ မရပါဘူး။ ဒါပေမဲ့ သူတို့နိုင်ငံကို အာဆီယံထဲ ပြန်ခေါ်လာဖို့နဲ့ အတိုက်အခံအဖွဲ့ မျိုးစုံနဲ့ ဆွေးနွေးစရာ ဖိုရမ်တစ်ခု ဖွင့်လှစ်ပေးဖို့ဟာ သူတို့ကိုယ်ကျိုးစီးပွားအတွက်ပဲဆိုတာကို သူတို့သဘောပေါက်လာမယ်ဆိုရင်တော့၊ အိမ်နီးချင်းတစ်နိုင်ငံအနေနဲ့ ကျနော်တို့က အားပေးစကားဆိုတာနဲ့ ဆွေးနွေးပြောဆိုတာတွေပဲ လုပ်ပေးနိုင်ပါတယ်” လို့ သူက ပြောကြားခဲ့ပါတယ်။


Ref: Thaiger

#News #Myanmar

မူရင်းသတင်း — Myanmar National Post