Eleven Media Group

■ ပြည်ပတွင် ၁၀ လကျော် နေထိုင်ခဲ့သည့် ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာချာဒို နိုင်ငံသို့ ပြန်လည်ရောက်ရှိ

ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ၊ ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင် မာရီယာ ကိုရီနာ မာချာဒိုသည် ပြည်ပတွင် ၁၀ လကျော် နေထိုင်ပြီးနောက် အောက်တိုဘာ ၂၅ ရက် နံနက်ပိုင်းတွင် နိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ ထိုသတင်းကို မာချာဒိုက “ကျွန်မ ဒီကိုပြန်ရောက်ပါပြီ။ သင်တို့နဲ့အတူ ရှိပါတယ်” ဟု X လူမှုကွန်ရက်တွင် စပိန်ဘာသာဖြင့် အသိပေးခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က မာချာဒို နိုင်ငံသို့ ပြန်လာမည့်အကြောင်း မသိခဲ့ဟုဆိုကာ မိမိအား နိုဘယ်ဆုပေးအပ်ခဲ့သည့် မာချာဒို ဘေးကင်းပါစေဟု ဆုတောင်းပေးခဲ့သည်။ မာချာဒိုသည် နိုဘယ်ငြိမ်းချမ်းရေးဆု လက်ခံရယူရန် ၂၀၂၅ ခုနှစ် ၊ ဒီဇင်ဘာတွင် နော်ဝေနိုင်ငံသို့ ထွက်ခွာခဲ့သည်။ ဗင်နီဇွဲလားနိုင်ငံတွင် ဒီမိုကရေစီအခွင့်အရေးများ မြှင့်တင်ရန် ကြိုးပမ်းခဲ့မှုကြောင့် ငြိမ်းချမ်းရေးနိုဘယ်ဆု ချီမြှင့်ခံခဲ့ရခြင်း ဖြစ်သည်။

နိုင်ငံမှထွက်ခွာပြီး တစ်လခန့်အကြာ ၂၀၂၆ ခုနှစ် ၊ ဇန်နဝါရီတွင် ၎င်း၏ နိုင်ငံရေးပြိုင်ဘက် ဗင်နီဇွဲလားသမ္မတဟောင်း နီကိုလပ်စ် မာဒူရိုကို အမေရိကန်က ရာထူးမှဖယ်ရှားလိုက်သည်။

ထို့နောက် အမေရိကန်သည် ဗင်နီဇွဲလား ယာယီအစိုးရနှင့် ပူးပေါင်းကာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် နိုင်ငံပြန်လည်သင့်မြတ်ရေးတို့ဆီ ဦးတည်ဆောင်ရွက်လျက်ရှိသည်။

မာချာဒိုသည် နိုင်ငံသို့ပြန်လာမည်ဟု အကြိမ်ကြိမ် ကတိပြုခဲ့ကာ ရွေးကောက်ပွဲကျင်းပပါက သမ္မတနေရာ ထပ်မံယှဉ်ပြိုင်သွားမည်ဟုလည်း အရိပ်အမြွက် ပြောထားသည်။ ၎င်း၏အကြံပေးများ အဆိုအရ မာချာဒိုသည် ပြီးခဲ့သည့်လများအတွင်း နိုင်ငံသို့ပြန်လာရန် ခုနစ်ကြိမ်ကြိုးပမ်းခဲ့ပြီး မအောင်မြင်ခဲ့ပေ။

ထရန့်အစိုးရသည် ယခင်က မာချာဒိုကို ထောက်ခံခဲ့သော်လည်း ဗင်နီဇွဲလား၏ လက်ရှိနိုင်ငံရေးအသွင် ကူးပြောင်းမှုတွင် ၎င်း၏အခန်းကဏ္ဍကို ဘေးဖယ်လာခဲ့သည်။

မာဒူရိုကို ရာထူးမှဖယ်ရှားပြီးနောက် ထရန့်က အတိုက်အခံခေါင်းဆောင် မာချာဒိုကို အလွန်သဘောကောင်းသည့် အမျိုးသမီးဟု ပြောခဲ့သော်လည်း နိုင်ငံ့ခေါင်းဆောင် ဖြစ်လာနိုင်လောက်သည့် ထောက်ခံမှုနှင့် လေးစားခံရမှု ၎င်းတွင် ရှိမနေကြောင်း ပြောကြားခဲ့သည်။

Ref: France 24
Photo: AP
#မာချာဒို#ဗင်နီဇွဲလား#နိုင်ငံသို့ ပြန်လည်ရောက်ရှိ#elevennews

မူရင်းသတင်း — Eleven Media Group