
မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) ဖြစ်သည့် အောက်တိုဘာ ၂၆ ရက်တွင် မန္တလေးမြို့၏ ကျက်သရေဆောင် မဟာမုနိဘုရားကြီးအပါအဝင် သမိုင်းဝင်စေတီပုထိုးများ၌ ကုသိုလ်ကောင်းမှုပြုကြသည့် ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ယနေ့ နံနက်အစောပိုင်း မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား မျက်နှာတော်သစ်ကန်တော့ခြင်း၊ ရွှေသင်္ကန်းကပ်လှူခြင်း၊ ပန်း၊ ဆီမီး၊ သပိတ်၊ ဆွမ်းခဲဖွယ် ဘောဇဉ်တို့ ဆက်ကပ်လှူဒါန်းခြင်းများ ပြုလုပ်ခဲ့ပြီး ဘုရားဝင်းအတွင်း ငါးစာ လိပ်စာများ ကျွေးမွေး၍ ကုသိုလ်ပြုသူများလည်း ရှိခဲ့သည်။
ထို့ပြင် သီတင်းကျွတ်လပြည့်နေ့တွင် မန္တလေးတောင်၊ ကုသိုလ်တော်ဘုရား၊ ကျောက်တော်ကြီးဘုရားနှင့် တောင်သမန်အင်း၊ ဦးပိန်တံတား စသည့် အထင်ကရနေရာများ၌လည်း ဘုရားဖူးပြည်သူများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။ ထို့ပြင် မိဘ၊ ဘိုးဘွား၊ ဆရာသမားများအား ပူဇော်ကန်တော့ကြခြင်း၊ ရပ်ကွက်လမ်းတိုင်းလိုလို၌ လမ်းဆုံလမ်းခွများတွင် စတုဒိသာကျွေးမွေးလှူဒါန်းပွဲများနှင့် အလှူပေးပွဲများပြုလုပ်ခဲ့ကြောင်း သိရသည်။
■သတင်း၊ ဓာတ်ပုံ - သက်ထွန်းအောင်