Eleven Media Group

သံဖြူဇရပ်မြို့နယ်ရှိ ကျိုက္ခမီ ဆုတောင်းပြည့် ရေလယ်ဆံတော်ရှင်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်တွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများဖြင့် စည်ကား

အောက်တိုဘာ ၂၆ ရက် သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) နံနက်ပိုင်းက သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့ရှိ ဆံတော်ရှင် ကျိုက္ခမီရေလယ်ဘုရားသို့ အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသည့် ဘုရားဖူးများ ဖြင့် အထူးစည်ကားနေသည်ကို တွေ့ရသည်။

သီတင်းကျွတ်လပြည့်နေ့ နံနက်အစောပိုင်းတွင် ကျိုက္ခမီရေလယ်ဘုရား၌ ဆွမ်းအိုးမျှောခြင်း၊ နံနက်ပိုင်းအချိန် တွင် ကုန်းတော်ပေါ်ရှိ သာသနာ့ဗိမာန်တော်တွင် အဘိဓမ္မာအခါတော်နေ့အခမ်းအနားကျင်းပခြင်း၊ မွန်းလွဲပိုင်း တွင် ကျိုက္ခမီမြို့ပေါ်ရပ်ကွက်များမှ ရှင်ဥပဂုတ္တကျောင်းဆောင်များအား ရေမျှောပူဇော်ခြင်းနှင့် ညပိုင်းတွင် ဇာတ်ပွဲများ ပျော်ပွဲရွှင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာပြုလုပ်လျက်ရှိကြောင်းလည်း သိရသည်။

"နှစ်စဉ် သီတင်းကျွတ်လပြည့်နေ မှာ ရှေးအစဉ်အလာအရပေါ့လေ။ ကျိုက္ခမီမြို့ပေါ်ရပ်ကွက်တွေက ရှင်ဥပဂုတ္တကျောင်းဆောင်တွေကို ရေမျှောပူဇော်ကြလေ့ရှိပါတယ်။ ကျောင်းဆောင်တစ်တိုင်းမှာ အလှူငွေတွေပါသလို အစားအစာတွေ၊ အုန်းသီးစိမ်းတွေ၊ သောက်ရေ‌တွေကိုလည်း ထည့်သွင်းထားကြပါတယ်" ဟု ကျိုက္ခမီမြို့ခံတစ်ဦးက ပြောကြားသည်။

ရှင်ဥပဂုတ္တမထေရ်ကို ရည်မှန်းလှူဒါန်းကြသည့်အပြင် ပင်လယ်ပြင်အတွင်း ရေလုပ်ငန်းလုပ်ကိုင်နေကြသည့် ရေလုပ်သားသူများအတွက်လည်း ရည်စူး၍ လှူဒါန်းကြခြင်းဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

"ဒီနှစ်မှာ ကျိုက္ခမီမြို့ပေါ် ရပ်ကွက်တွေက ကျောင်းဆောင် ၂၆ ခုကို ရေမျှောပူဇော်သွားမှာဖြစ်ပါတယ်" ဟု ၎င်းက ဆိုသည်။

နှစ်စဉ်ကျင်းပမြဲဖြစ်သော မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်၊ ကျိုက္မမီမြို့ရှိ ကျိုက္ခမီ ဆုတောင်းပြည့် ရေလယ်ဆံတော်ရှင်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်အား နှစ်စဉ် သီတင်းကျွတ်လဆန်း ၁၄ ရက်မှ သီတင်းကျွတ်လပြည့်ကျော် ၅ ရက်အထိ ကျင်းပလေ့ရှိကြောင်းနှင့် ပွဲတော်ကာလအတွင်း ဇာတ်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများ၊ အားကစားပြိုင်ပွဲများ ထည့်သွင်းကျင်းပလေ့ရှိကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group