Eleven Media Group

■ ကိုရီးယားနှစ်နိုင်ငံနယ်စပ်တွင် မြေမြှုပ်မိုင်းပေါက်ကွဲမှုသည် တောင်ကိုရီးယား၏ လုပ်ကြံဖန်တီးမှုဖြစ်ကြောင်း ‌မြောက်ကိုရီးယား စွပ်စွဲ

ကိုရီးယားနှစ်နိုင်ငံနယ်စပ်တွင် မြေမြှုပ်မိုင်းပေါက်ကွဲမှုသည် တောင်ကိုရီးယား၏ လုပ်ကြံဖန်တီးမှုဖြစ်ကြောင်း ‌မြောက်ကိုရီးယားက စွပ်စွဲခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက အောက်တိုဘာ ၂၆ ရက်တွင် ဖော်ပြခဲ့သည်။

တောင်ကိုရီးယား စစ်သားသုံးဦး ဒဏ်ရာရရှိခဲ့သည့် အဆိုပါ မြေမြှုပ်မိုင်း ပေါက်ကွဲမှုနှင့်ပတ်သက်ပြီး မြောက်ကိုရီးယားက ကုလသမဂ္ဂ လုံခြုံရေးကောင်စီသို့ ပေးပို့ခဲ့သည့် ပေးစာတွင် ထိုကဲ့သို့ စွပ်စွဲဖော်ပြခဲ့ခြင်းဖြစ်သည်။

ကိုရီးယားနှစ်နိုင်ငံကို ပိုင်းခြားထားသည့် စစ်မဲ့ဇုန်အတွင်း ပေါက်ကွဲမှုသည် မြောက်ကိုရီးယားက ထောင်ထားသည့် မြေမြှုပ်မိုင်းများကြောင့်ဖြစ်ကြောင်း လွန်ခဲ့သည့်လက တောင်ကိုရီးယားက ပြစ်တင်စွပ်စွဲခဲ့ပြီးနောက် ကိုရီးယားနှစ်နိုင်ငံကြား တင်းမာမှုများ မြင့်တက်လာခဲ့သည်။

သံသယဖြစ်ဖွယ် မြေမြှုပ် မိုင်းပေါက်ကွဲမှု ဖြစ်စဉ်အတွက် အကြောင်းမဲ့ အပြစ်ပုံချခြင်းဖြင့် တောင်ကိုရီးယား၏ ရန်စခဲ့မှုနှင့် ပတ်သက်ပြီး ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယား အမြဲတမ်း ကိုယ်စားလှယ်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီသို့ အောက်တိုဘာ ၂၅ ရက်တွင် စာတစ်စောင် ပေးပို့ခဲ့သည်။

"တောင်ကိုရီးယားက လုပ်ကြံဖန်တီးထားတဲ့ မြေမြှုပ်မိုင်း ဖြစ်စဉ်ဟာ မြောက်ကိုရီးယားရဲ့ တောင်ဘက်နယ်စပ် ခံစစ်ကင်းပြင်ဆင်မှုတွေကို စစ်ရေးအရ ကျူးကျော်မှုအဖြစ် ပုံဖော်ဖို့နဲ့ ဟန့်တားဖို့အတွက် မသမာသော အနှောင့်အယှက်ပေးမှုဖြစ်တယ်"ဟု အဆိုပါ စာတွင် ရေးသားထားသည်။

ထို့ပြင် အဆိုပါ ဖြစ်စဉ်သည် ကိုရီးယားကျွန်းဆွယ်တွင် ပိုမိုမြင့်တက်လာသော တင်းမာမှုများအတွက် တာဝန်ရှိမှုကို ရှောင်လွှဲရန် ပြုလုပ်သည့် ဟန်ပြလုပ်ဇာတ်တစ်ခုသာ ဖြစ်သည်ဟု ပူးတွဲဖော်ပြထားသည်။

၎င်းတို့ လက်ရှိ ဆောင်ရွက်နေသော နယ်စပ် ခံတပ်ကင်းပြင်ဆင်မှု ကိစ္စများမှာ ကုလသမဂ္ဂ ပဋိညာဉ်စာချုပ်နှင့်အညီ တင်းကြပ်စွာ ဆောင်ရွက်နေသည့် ၎င်းတို့၏ အချုပ်အခြာအာဏာကို တရားဝင် တရားမျှတစွာ ကျင့်သုံးခြင်း ဖြစ်သည်ဟု ဆက်လက် ဖော်ပြထားပြီး အဆိုပါ လုပ်ငန်းများ လုပ်ဆောင်နေသည့် ‌မြောက်ကိုရီးယားစစ်သားများကို သတိပေး ပစ်ခတ်ခဲ့သည့် တောင်ကိုရီးယားအား ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။
"ဒါဟာ နိုင်ငံတကာ ဆက်ဆံရေးမှာ နိုင်ငံတစ်နိုင်ငံရဲ့ နယ်မြေ တည်တံ့ခိုင်မြဲမှုကို အင်အားသုံးခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်းမှ ရှောင်ကြဉ်ရန် လိုအပ်ကြောင်း အလေးပေးဖော်ပြထားတဲ့ ကုလသမဂ္ဂ ပဋိညာဉ်စာချုပ်ကို အပြင်းအထန် ချိုးဖောက်ခြင်းဖြစ်သည်" ဟု KCNA သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနသည်လည်း ယခုသီတင်းပတ်အတွင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဥက္ကဋ္ဌထံသို့ စာတစ်စောင် ပေးပို့ခဲ့ပြီး ထိုစာထဲတွင် ကိုရီးယားနယ်စပ်၌ ပေါက်ကွဲမှုသည် မြောက်ကိုရီးယား၏ မြေမြှုပ်မိုင်းကြောင့်ဖြစ်ကြောင်း ထပ်မံစွပ်စွဲခဲ့သလို ယင်းသည် စစ်ရပ်ဆိုင်းရေး သဘောတူညီချက်ကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

Ref:AFP

မူရင်းသတင်း — Eleven Media Group