
ဇွဲကပင်တောင်နှင့် ကပ်လျက်ရှိသည့် နွားလပို့တောင်ပေါ်တွင် လမ်းပျောက်နေသော လူငယ်ခုနစ်ဦးအား ဘားအံခရိုင်မီးသတ်ဦးစီးဌာနနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့များက ရှာဖွေကယ်ဆယ်မှုများ လုပ်ဆောင်ပေး ခဲ့ကြောင်း သတင်းရရှိသည်။
အောက်တိုဘာ ၂၅ ရက် နံနက် ၉ နာရီခန့်က ဘားအံမြို့နေ ၁၈ နှစ်အရွယ် မောင်နွေရဲရင့် အပါအဝင် Grade (12) ကျောင်းသား သူငယ်ချင်းခုနစ်ဦးမှာ ဇွဲကပင်တောင်ပေါ်သို့တက်ရောက်ခဲ့ကြပြီး ထိုမှ နွားလပို့တောင် ပေါ်သို့ ဆက်လက်တက်ရောက်ခဲ့ပြီးအပြန်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လမ်းပျောက်ကာ လျှိုတစ်ခုတွင် ခိုနေကြကြောင်းကို ညပိုင်းတွင် သတင်းရရှိကြောင်း ဘားအံခရိုင်မီးသတ်ဦးစီးမှူး ဦးသန့်ဇင်ဝင်းက ပြောကြားသည်။
၎င်းက ဆက်လက်ပြီး "ည ၇ နာရီလောက်မှာ ကျောင်းသားတစ်ယောက်ရဲ့ မိဘတစ်ဦး ကျွန်တော်တို့ဆီကို ရောက်လာပြီးတော့ ညနေ ၃ နာရီ မိနစ် ၅၀ လောက်မှာ သူ့ဆီကို ကျောင်းသားတစ်ဦးဖုန်းဆက်လာတယ်။ သူတို့ကို လာခေါ်ပါပေါ့။ မိုးတွေလေတွေလည်းကျတော့ ကြောက်ပြီး လမ်းပျောက်နေကြလို့ မပြန်တတ်ကြတော့ဘူးဆိုပြီး ဖုန်းဆက်လာတဲ့အကြောင်းကို အကြောင်းကြားလာပါတယ်။ ည ၇ နာရီလောက်မှာ ကျွန်တော်ဦးဆောင်ပြီးတော့ မီးသတ်တပ်ဖွဲ့ Rescue Team နဲ့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေ ဇွဲကပင်တောင်ပေါ်ကိုတက်ပြီးတော့ ရှာဖွေကယ်ဆယ်ရေး စတင်လုပ်ဆောင်ကြပါတယ်။ ကလေးတွေနဲ့ ဖုန်းအဆက်အဆက်အသွယ်ရတော့ ည ၉ နာရီခွဲလောက်မှာ ကလေးတွေရှိနေတဲ့နေရာကို ရောက်သွားပါတယ်" ဟု ပြောကြားသည်။
အောက်တိုဘာ ၂၅ ရက် ညနေပိုင်းမှစတင်ကာ ဘားအံမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းသည့်အပြင် မိုးကြိုးများလည်းပစ်ကြောင်း၊ ကလေးများစောင့်ဆိုင်နေကြသည့်နေရာအနီး မိုးကြိုးပစ်ချသည့်အတွက် ကလေးတချို့အလန့်တကြားပြေးလွှားရင်း ပွန်းခြစ်ဒဏ်ရာတချို့ရရှိခဲ့ကြောင်း ၎င်းက ဆိုသည်။
"ည ၁၂ နာရီ ၂၅ မိနစ်ခန့်မှာ တောင်ခြေကို ပြန်ရောက်ကြပါတယ်။ ကလေးတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးပြီးတော့ ည ၁၂ နာရီ မိနစ် ၄၀ မှာတော့ မိဘတွေထံကို ပြန်လည်အပ်နှံပေးခဲ့ပါတယ်" ဟု ၎င်းက ဆက်လက်ပြောကြားသည်။
အဆိုပါ လူငယ်ခုနစ်ဦးမှာ ဘားအံမြို့ပေါ်တွင် နေထိုင်ကြသူများဖြစ်ကြောင်းနှင့် ၎င်းတို့အားလုံးကို ဘေးကင်းစွာဖြင့် ပြန်ခေါ်ဆောင်လာနိုင်ခဲ့ကြောင်း သိရသည်။
Photo Credit - ဘားအံခရိုင်မီးသတ်ဦးစီးဌာန