
အီဘိုလာရောဂါကူးစက်ဖြစ်ပွားနေသည့် ဒီအာကွန်ဂိုနိုင်ငံမှ ပြန်လည်၀င်ရောက်လာသူများအနေဖြင့် ၂၁ ရက်ကြာ သီးခြားခွဲနေထိုင်ရမည်ဟု ယူဂန်ဒါ ကျန်းမာရေး၀န်ကြီးဌာနက အောက်တိုဘာ ၂၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ဒီအာကွန်ဂိုနိုင်ငံသည် ၎င်း၏ သမိုင်းတစ်လျှောက် အဆိုးရွားဆုံး အီဘိုလာရောဂါကူးစက်ပြန့်ပွားမှုနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။
ယူဂန်ဒါနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ဒီအာကွန်ဂိုနိုင်ငံသည် ၁၇ ကြိမ်မြောက် အီဘိုလာရောဂါ ဖြစ်ပွားမှုကို မေလအတွင်းက ကြေညာခဲ့ပြီးနောက် သေဆုံးသူ ၄၆၀၀ ကျော်ရှိခဲ့သည်။ အဆိုပါ ဗိုင်းရပ်စ်သည် လွန်ခဲ့သည့် နှစ် ၅၀ အတွင်း အာဖရိကတွင် လူပေါင်း ၁၅၀၀၀ ကျော်ကို သေဆုံးစေခဲ့ပြီး ဖြစ်သည်။
ဩဂုတ်လတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ယူဂန်ဒါနိုင်ငံ၌ သေဆုံးသူ ၂ ဦးအပါအဝင် အီဘိုလာကူးစက်ခံရသူ ၂၀ ဦး ရှိခဲ့ပြီးနောက် ယူဂန်ဒါနိုင်ငံအတွင်း အီဘိုလာရောဂါ ကင်းစင်သွားပြီဖြစ်ကြောင်း တရားဝင် ကြေညာခဲ့သည်။ ထိုအချိန်က ရောဂါကူးစက်ခံရသူ အများစုမှာ ဒီအာကွန်ဂိုနိုင်ငံသို့ သွားရောက်ခဲ့သူများ ဖြစ်ကြသည်။
အီဘိုလာရောဂါသည် ခန္ဓာကိုယ်မှ ထွက်သည့်အရည်များနှင့် ထိတွေ့ခြင်းမှတစ်ဆင့် ကူးစက်ပြီး ပြင်းထန်သော သွေးယိုစိမ့်မှုများကို ဖြစ်ပွားစေသည်။ လက်ရှိ ဖြစ်ပွားနေသော ရောဂါကူးစက်မှုမှာ Bundibugyo ဗိုင်းရပ်စ်မျိုးစိတ်ကြောင့် ဖြစ်ပြီး ယင်းမျိုးစိတ်အတွက် ကာကွယ်ဆေး သို့မဟုတ် သီးသန့် ကုသဆေး ထွက်ရှိထားခြင်း မရှိသေးပေ။
ဒီအာကွန်ဂိုသို့ သွားရောက်ခဲ့သည့် ရာဇဝင်ရှိပြီး ပြန်လည်ရောက်ရှိလာသော ယူဂန်ဒါနိုင်ငံသားများသည် မိမိစရိတ်ဖြင့် ၂၁ ရက်ကြာ သီးခြားခွဲခြားနေထိုင်ရမည်ဟု ယူဂန်ဒါ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီး အင်တက်ဘီ အပြည်ပြည်ဆိုင်ရာ လေဆိပ် နှင့် ကုန်းလမ်း နယ်စပ်ဂိတ်အားလုံးတွင် ခရီးသွားများအား စစ်ဆေးမှုကို တိုးမြှင့်ဆောင်ရွက်ထားကာ သတ်မှတ်ထားသော လမ်းဘေး စစ်ဆေးရေးဂိတ်များတွင်လည်း စစ်ဆေးမှုများကိုတိုးမြှင့်ထားကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
ကင်ညာနိုင်ငံနှင့် အာဖရိကတိုက်၏ လူဦးရေ အများဆုံးနိုင်ငံဖြစ်သော နိုက်ဂျီးရီးယားနိုင်ငံတို့သည် အောက်တိုဘာလတွင် ပထမဆုံး အီဘိုလာရောဂါကူးစက်မှုများကို သတင်းထုတ်ပြန်ခဲ့သည်။
နိုက်ဂျီးရီးယားနိုင်ငံသည် အောက်တိုဘာ ၂၀ ရက်တွင် ၎င်း၏ ပထမဆုံး ရောဂါကူးစက်မှုကို မှတ်တမ်းတင်ခဲ့ပြီး အဆိုပါလူနာသည် ယူဂန်ဒါနိုင်ငံမှ လေယာဉ်ဖြင့် နိုက်ဂျီးရီးယား၏ အဘူဂျာမြို့တော်သို့ ရောက်ရှိလာသည့် အမျိုးသမီးတစ်ဦးဖြစ်သည်။
ယူဂန်ဒါအစိုးရ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကမူ နိုက်ဂျီးရီးယားတွင် တွေ့ရှိခဲ့သည့် လူနာသည် ယူဂန်ဒါ၌ ဗိုင်းရပ်စ်ကူးစက်ခံရခြင်း ဖြစ်နိုင်သည်ဆိုသည့် အယူအဆကို ပယ်ချခဲ့သည်။
အီဘိုလာရောဂါဖြစ်ပွားမှု လုံးဝမရှိသည့် ယူဂန်ဒါနိုင်ငံသို့ တစ်စုံတစ်ယောက်က အပန်းဖြေခရီး လာရောက်ခဲ့ခြင်းနှင့် နိုက်ဂျီးရီးယားနိုင်ငံ၏ အီဘိုလာရောဂါကူးစက်မှုနှင့် ဆက်နွှယ်ပြောဆိုမှုသည် အဓိပ္ပာယ်မရှိသည့် ကိစ္စဖြစ်ကြောင်း ယူဂန်ဒါအစိုးရ ပြောရေးဆိုခွင့်ရှိသူ အလန် ကာဆူဂျာက ပြောကြားခဲ့သည်။
Ref: AFP