Eleven Media Group

■ ပင်လယ်ကွေ့နိုင်ငံများက ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် ရေနံစိမ်းစည် ၁ ဒသမ ၅ ဘီလျံတင်ပို့မှုကို အကူအညီပေးခဲ့သည်ဟု အမေရိကန် ပြောကြား

ပင်လယ်ကွေ့နိုင်ငံများက ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် ရေနံစိမ်းစည် ၁ ဒသမ ၅ ဘီလျံတင်ပို့မှုကို မိမိတို့အကူအညီပေးခဲ့သည်ဟု အမေရိကန်အလယ်ပိုင်းကွပ်ကဲရေးဌာန (CENTCOM)က အောက်တိုဘာ ၂၅ ရက်တွင် ပြောကြားခဲ့သည်။

ပင်လယ်ကွေ့နိုင်ငံများသည် အီရန်ပိတ်ဆို့မှုကို ရှောင်ကွင်းပြီးယင်းသို့ တင်ပို့ခဲ့ကြခြင်းဖြစ်သည်ဟု CENTCOM က ဆိုသည်။

"အမေရိကန်တပ်ဖွဲ့တွေဟာ ပင်လယ်ကွေ့မိတ်ဖက်နိုင်ငံတွေ နွေရာသီကတည်းက ရေနံစိမ်းစည် ၁ ဒသမ ၅ ဘီလျံတင်ပို့ရာမှာ အကူအညီပေးခဲ့တဲ့ မှတ်တိုင်ကို စိုက်ထူခဲ့ပါတယ် "ဟု CENTCOM က X တွင်ပို့စ်တင်ခဲ့သောထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

"ကုန်သင်္ဘော ၃,၀၀၀ ကျော်ဟာ CENTCOM တပ်ဖွဲ့တွေရဲ့ပံ့ပိုးမှုနဲ့ လွန်ခဲ့တဲ့ ခြောက်လမှာ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းရာမှာ အောင်မြင်ခဲ့ပါတယ်။ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းခုတ်မောင်းခဲ့တဲ့ သင်္ဘောတွေထဲက ၉၅ ရာခိုင်နှုန်းဟာ ဘေးကင်းစွာ ဖြတ်သန်းခဲ့ကြတာပါ"ဟု ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

"ကျွန်တော်တို့ လူတွေရဲ့မယုံနိုင်စရာ ကြိုးပမ်းမှုတွေကြောင့် ဒီနေ့မှာတော့ ဟော်မုဇ်မှာရှိတဲ့ မူလဖြတ်သန်းရာလမ်းကြောင်းတွေဟာ အီရန်ပင်လယ်မိုင်းတွေ ကင်းစင်ပြီး ရှင်းလင်းနေပါတယ်"ဟု CENTCOM အကြီးအကဲ ရေတပ်ဗိုလ်ချုပ် ဘရက်ကူးပါးက ပြောကြားခဲ့သည်။ သူက ဟော်မုဇ်ရှိ အမေရိကန်တပ်ဖွဲ့များထံ သွားရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

အီရန်က ဖေဖော်ဝါရီ ၂၈ ရက်တွင် အရှေ့အလယ်ပိုင်းစစ်ပွဲစတင်ကတည်းက အရေးပါသာ ဟော်မုဇ်ရေလက်ကြားကို ထိန်းချုပ်ထားခဲ့သည်။ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းရန် သင်္ဘောများ ခွင့်ပြုချက်တောင်းရမည်ဟု အီရန်က တောင်းဆိုထားသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီယိုက အီရန်သည် ဟော်မုဇ်ရေလက်ကြားကို အပြည့်အ၀ ထိန်းချုပ်မှု ဆုံးရှုံးသွားပြီဟု ယခုလထဲတွင် ပြောကြားခဲ့ပြီး အီရန်၏ စီးပွားရေးသည် လုံးဝကျဆင်းသွားပြီဟု ဆိုခဲ့သည်။

Ref:AFP

မူရင်းသတင်း — Eleven Media Group