Myanmar National Post

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၆/၂၀၂၆) ကြိမ်မြောက်အစည်းအဝေးက အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၂၁၀၀ ကျော်ကို ဖန်တီးပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၁၆ ခုကို ခွင့်ပြု



နေပြည်တော်၊ အောက်တိုဘာ ၂၈

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၆/၂၀၂၆)ကြိမ်မြောက် အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက နေပြည်တော်ရှိ ရုံးအမှတ် (၅) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးနှင့် ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် လက်ရှိဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်း တိုးမြှင့်ခြင်းအပါအဝင် စက်မှုကဏ္ဍမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ်နှစ်ခုကိုလည်းကောင်း၊ စက်မှုကဏ္ဍမှ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ်ရှစ်ခုကိုလည်းကောင်း၊ လျှပ်စစ်ဓာတ်အားကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ အိမ်ရာအဆောက်အအုံ တည်ဆောက်ဖွံ့ဖြိုးမှုကဏ္ဍ၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ၊ သတ္တုတူးဖော်ရေး ကဏ္ဍတို့မှ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ် ခြောက်ခုကိုလည်းကောင်း ခွင့်ပြုပေးခဲ့သည်။

အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၈၂၉ သန်းနှင့် ငွေကျပ် ၅၆၄၃၉၁ ဒသမ ၃၉ သန်းဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၂၁၃၀ ကို ဖန်တီးပေးနိုင်မည်ဖြစ်သည်။

ယနေ့ အစည်းအဝေးက ခွင့်ပြုပေးသည့် လုပ်ငန်းများတွင် SKD စနစ်ဖြင့် လျှပ်စစ်သုံးနှစ်ဘီး၊ သုံးဘီးမော်တော်ဆိုင်ကယ်များနှင့် မော်တော်ယာဉ် တပ်ဆင် ထုတ်လုပ် ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းအမျိုးမျိုး ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း၊ ရွှေသတ္တုအကြီးစား တူးဖော်ထုတ်လုပ်မှုလုပ်ငန်း၊ ပြည်တွင်းအသားတိုးနွားများအား ခေတ်မီစနစ်ဖြင့် မွေးမြူခြင်း၊ ခေတ်မီမြန်မာအသားတိုးနွားမျိုးခြံ၊ နို့စားနွားမွေးမြူခြင်း၊ နို့ဆီ၊ နို့စိမ်းနှင့် နို့ထွက်ပစ္စည်း ထုတ်လုပ် ဖြန့်ချိခြင်းလုပ်ငန်း၊ နို့ပေါင်းစက်လုပ်ငန်း၊ မွေးမြူရေးအစာ ထုတ်လုပ်ခြင်း၊ မြေဩဇာနှင့် ဓာတ်မြေဩဇာ ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများ၊ မှန်လုံအိမ် စိုက်ပျိုးခြင်းလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးထွက်ကုန် သိုလှောင်ရောင်းချခြင်းလုပ်ငန်း၊ ရုံးခန်းအဆောက်အအုံ တည်ဆောက်၍ ငှားရမ်းခြင်းနှင့် စီမံခန့်ခွဲခြင်းလုပ်ငန်း၊ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၊ ဆပ်ပြာအမျိုးမျိုး ထုတ်လုပ်ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်း၊ မျိုးစေ့အမျိုးမျိုး စိုက်ပျိုး သန့်စင်ရောင်းချခြင်းနှင့် မျိုးစေ့သုတေသနပြုလုပ်ခြင်းလုပ်ငန်း၊ ပဲနို့ထုတ်လုပ် ဖြန့်ဖြူးရောင်းချ ခြင်းလုပ်ငန်း၊ ဘက်ထရီအိုးဟောင်းအမျိုးမျိုးနှင့် ဆက်စပ်ပစ္စည်းများကို သန့်စင်ကျိုချက် ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းတို့ ပါဝင်သည်။

၂၀၂၆ ခုနှစ် စက်တင်ဘာလကုန်အထိ မြန်မာနိုင်ငံတွင် စီးပွားရေးကဏ္ဍ ၁၂ ခုအနက် အများဆုံးရင်းနှီးမြှုပ်နှံထားသည့်ကဏ္ဍများမှာ လျှပ်စစ်ဓာတ်အားကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၂၈ ဒသမ ၀၅ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၂၀ ဒသမ ၄၀ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၁၅ ဒသမ ၃၈ ရာခိုင်နှုန်းဖြင့်လည်းကောင်း ရင်းနှီးမြှုပ်နှံထားသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများက တင်ပြလာသည့် ရင်းနှီးမြှုပ်နှံမှုအဆိုပြုချက်များအား စိစစ်ခွင့်ပြုခြင်းကိုလည်းကောင်း၊ လက်ရှိဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံသူများအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဝန်ဆောင်မှုများကိုလည်းကောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။


#News #Myanmar

မူရင်းသတင်း — Myanmar National Post