
မြန်မာနိုင်ငံတွင် သဘာဝဓာတ်ငွေ့၊ ရေအားလျှပ်စစ်၊ နေရောင်ခြည်စွမ်းအင်နှင့် အခြားစွမ်းအင်အရင်းအမြစ် များစွာရှိပြီး ယင်းအရင်းအမြစ်များကို ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် ရင်းနှီးမြှုပ်နှံမှု၊ အဆင့်မြင့်နည်းပညာ၊ အခြေခံအဆောက်အအုံနှင့် နည်းပညာကျွမ်းကျင်မှုတို့လိုအပ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ပြောကြားသည်။
အောက်တိုဘာ ၂၈ ရက်က ဘယ်လာရုစ်သမ္မတနိုင်ငံ မင့်စ်မြို့၌ ကျင်းပသည့် နှစ်(၃၀)ပြည့် စွမ်းအင်နှင့်ဂေဟဗေဒစနစ် ဆိုင်ရာဖိုရမ်၏စကားဝိုင်းဆွေးနွေးပွဲကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်နှင့်အဖွဲ့သည် ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့်အတူ တက်ရောက်စဉ် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးက Formula of Energy Independence: Economy, Integration, Development ခေါင်းစဉ်ဖြင့်ဆွေးနွေးရာတွင် မြန်မာနိုင်ငံ၏ရှုမြင်ချက်အရ စွမ်းအင်မှီခိုမှု ကင်းခြင်းဆိုသည်မှာ လိုအပ်သမျှသောစွမ်းအင်ကို ပြည်တွင်း၌ တတ်နိုင်သလောက်ထုတ်လုပ်ခြင်း၊ မိတ်ဆွေနိုင်ငံများနှင့် စိတ်ချယုံကြည်ရသည့် စွမ်းအင်ကုန်သွယ်မှုပြုလုပ်ခြင်း၊ ပြင်ပမှအနှောင့်အယှက်များကြောင့် စွမ်းအင်လုံခြုံမှုကို ထိခိုက်လွယ်ခြင်းမှ လျှော့ချနိုင်ရေးနှင့်အတူ ယုံကြည်စိတ်ချရပြီး သင့်တင့်သည့်ဈေးနှုန်းဖြင့် ရေရှည်တည်တံ့သော စွမ်းအင်ထောက်ပံ့ဖြည့်ဆည်းမှုကို အာမခံနိုင်ရေးတို့ပါဝင်ကြောင်း ပြောကြားသည်။
မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုသည် ဒေသတွင်းလျှပ်စစ် ဓာတ်အားကွန်ရက်ချိတ်ဆက်မှု တိုးတက်ခိုင်မာရေး၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ဆိုင်ရာ လုံခြုံစိတ်ချရမှု မြှင့်တင်ရေးနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးတို့တွင်အထူးအရေးပါကြောင်း၊ မြန်မာနိုင်ငံတွင် သဘာဝဓာတ်ငွေ့၊ ရေအားလျှပ်စစ်၊ နေရောင်ခြည်စွမ်းအင်နှင့် အခြားစွမ်းအင်အရင်း အမြစ်အလားအလာ များစွာရှိပါကြောင်း၊ ယင်းအရင်းအမြစ်များကို ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် ရင်းနှီးမြှုပ်နှံမှု၊ အဆင့်မြင့်နည်းပညာ၊ အခြေခံအဆောက်အအုံနှင့် နည်းပညာကျွမ်းကျင်မှုတို့လိုအပ်ကြောင်း၊ မြန်မာ–ဘယ်လာရုစ်ပူးပေါင်းဆောင်ရွက်မှုသည် စွမ်းအင်လုံခြုံမှုအတွက် အထောက်အပံ့ကောင်းများဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့အကြား လျှပ်စစ်ဓာတ်အား အခြေခံအဆောက်အအုံများ၊ စက်ပစ္စည်းကိရိယာများနှင့် ပြုပြင်ထိန်းသိမ်းရေး၊ စွမ်းအင်အသုံးပြုမှုအကျိုးရှိ ထိရောက်ရေးနှင့် ကျွမ်းကျင်ပညာရှင်များ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးတို့တွင် လက်တွေ့ကျသောပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်နိုင်မည့် အလားအလာများစွာရှိသည်ဟု ယုံကြည်ပါကြောင်း၊ ဘယ်လာရုစ်နိုင်ငံအပါအဝင် တက်ရောက်လာကြသည့် နိုင်ငံများ၏အတွေ့အကြုံများကိုဖလှယ်ပြီး အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် လက်တွေ့ကျသောပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများကို အတူတကွရှာဖွေဖော်ထုတ်နိုင်ရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားသည်။
အဆိုပါဖိုရမ်သို့ အရှေ့ဥရောပနိုင်ငံများ၊ ဥရောပအာရှဒေသနိုင်ငံများ၊ အရှေ့အလယ်ပိုင်းနိုင်ငံများမှ စွမ်းအင်ဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများ တက်ရောက်လျက်ရှိပြီး ဖိုရမ်တက်ရောက်နေစဉ်ကာလ အတွင်း ပြည်ထောင်စုဝန်ကြီးသည် အီရန်နိုင်ငံ စွမ်းအင်ဝန်ကြီး၊ အီရတ်နိုင်ငံ စွမ်းအင်ဒုတိယဝန်ကြီး၊ တာတာစတန်ပြည်နယ် ဒုတိယဝန်ကြီးချုပ်နှင့် ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးတို့နှင့် သီးခြားစီတွေ့ဆုံ၍ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင် ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သိရသည်။