
■ တရားမဝင်ကုန်သွယ်မှုများ မဖြစ်ပေါ်စေရေး သက်ဆိုင်ရာနယ်မြေ ဒေသများအလိုက် စနစ်တကျဖြင့် ဖော်ထုတ်တားဆီးထိန်းသိမ်းဆောင်ရွက်ရန်လိုပြီး နိုင်ငံ၏အချုပ်အခြာအာဏာဖြင့် နိုင်ငံ၏အမျိုးသားအကျိုးစီးပွားကို ခိုင်ခိုင်မာမာကာကွယ်ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတပြောကြား
■ ကုန်ဈေးနှုန်းကြီးမြင့်မှုများ၊ စက်သုံးဆီနှင့် စားသုံးဆီများ နှစ်စဉ်အများအပြား တင်သွင်းနေရမှုများ၊ ငွေကြေးတန်ဖိုး မတည်ငြိမ်မှုများကို အဖြေရှာ၍ ဖြေရှင်းပေးရမည်ဟုဆို
တရားမဝင်ကုန်သွယ်မှုများ မဖြစ်ပေါ်စေရေး သက်ဆိုင်ရာနယ်မြေ ဒေသများအလိုက် စနစ်တကျဖြင့် ဖော်ထုတ်တားဆီးထိန်းသိမ်းဆောင်ရွက်ရန်လိုပြီးနိုင်ငံ၏အချုပ်အခြာအာဏာဖြင့် နိုင်ငံ၏အမျိုးသားအကျိုးစီးပွားကိုခိုင်ခိုင်မာမာ ကာကွယ်ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်က ပြောကြားသည်။
နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ယနေ့(အောက်တိုဘာ ၂၈ ရက်)မွန်းလွဲပိုင်းတွင် ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားရာတွင် ထိုသို့ထည့်သွင်းပြောကြားခြင်းဖြစ်သည်။
နိုင်ငံတော်သမ္မတက တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကုန်ထုတ်လုပ်မှုများတိုးတက်စေရေး တွန်းအားပေးဆောင်ရွက်လျက်ရှိသော်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ထိုက်သင့်သည့်တိုးတက်မှုများရရှိရန် လိုအပ်နေဆဲဖြစ်သည်ကို တွေ့ရှိရကြောင်း၊ မွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သည့် တိရစ္ဆာန်အစာများကို စိုက်ပျိုးရေးလုပ်ငန်းများမှထွက်ရှိသည့် ထွက်ကုန်များ၊ စွန့်ပစ်ပစ္စည်းများဖြင့် ဆောင်ရွက်နိုင်သော်လည်း မွေးမြူရေးလုပ်ငန်းများတိုးတက်မှုအားနည်းနေဆဲဖြစ်သဖြင့် ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများတိုးတက်စေရေးအတွက် နိုင်ငံတော်မှလည်း လိုအပ်သည့် ရင်းနှီး မတည်ချေးငွေများကို ထုတ်ပေးလျက်ရှိကြောင်း၊ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ တိုးတက်ရရှိမှသာလျင် ပြည်တွင်းစားသုံးမှုကိုဖူလုံစေမည်ဖြစ်ပြီး ကုန်ဈေးနှုန်းကြီးမြင့်မှု များကိုလည်း လျှော့ချပေးနိုင်မည်ဖြစ်ကြောင်း၊ ပြည်တွင်းဖူလုံမှုရရှိအောင်ဆောင်ရွက်ပြီးပါက ပြည်ပသို့တင်ပို့ရောင်းချနိုင်မည့် ဈေးကွက်လိုအပ်ချက်ကြီးမားသည့် အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်း နိုင်ငံများအများအပြားရှိပြီးဖြစ်ကြောင်း၊ ဈေးကွက်ရရှိရေး နှင့် ဈေးကွက်လိုအပ်ချက်ပြည့်မီအောင်ထုတ်လုပ်တင်ပို့နိုင်ရေး စနစ်တကျ ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့ပြင် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများနှင့်စပ်လျဉ်း၍ နယ်စပ်ကုန်သွယ်မှုများတွင် အချို့သောနယ်စပ်ဒေသများ၌ တရားမဝင်ကုန်သွယ်မှုများ ဖြစ်ပေါ်လျက်ရှိသဖြင့် တရားမဝင်လမ်းကြောင်းများမှ ကုန်သွယ်မှုများမရှိစေရေး မိမိတို့အနေဖြင့် ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း၊ နယ်စပ်ကုန်သွယ်မှုများသည် ရာနှုန်းပြည့်အားကိုး၍ မရကြောင်း၊ တရားမဝင်ကုန်သွယ်မှုများကြောင့် နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်အခများမရရှိသည့်အပြင် နိုင်ငံသားများအနေဖြင့်လည်း အရည်အသွေးပြည့်မီမှုမရှိသည့်၊ အာမခံချက်မရှိသည့် ပစ္စည်းများကို သုံးစွဲကြရနိုင်ကြောင်း၊ ထို့အပြင် တရားမဝင်လမ်းကြောင်းများရှိ လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများကို ငွေကြေးပေး၍ သွားလာသယ်ဆောင်နေကြသည်ဖြစ်သည့်အတွက် သူခိုးဓားရိုးကမ်း သကဲ့သို့ဖြစ်နေပြီး ရရှိသည့်ငွေကြေးများဖြင့် ၎င်းတို့၏အင်အားများကို တိုးချဲ့တည်ဆောက်နေနိုင်ကြခြင်းသည် ငြိမ်းချမ်းရေးဖော်ဆောင်မှုကိုလည်း အဟန့်အတား ဖြစ်စေနိုင်ကြောင်း၊ သို့ဖြစ်၍ တရားမဝင်ကုန်သွယ်မှုများ မဖြစ်ပေါ်စေရေး သက်ဆိုင်ရာနယ်မြေ ဒေသများအလိုက် စနစ်တကျဖြင့် ဖော်ထုတ်တားဆီး ထိန်းသိမ်း ဆောင်ရွက်သွားကြရန်လိုပြီး မိမိတို့နိုင်ငံ၏အချုပ်အခြာအာဏာဖြင့် မိမိတို့နိုင်ငံ၏ အမျိုးသားအကျိုး စီးပွားကိုခိုင်ခိုင်မာမာ ကာကွယ်ဆောင်ရွက်ကြရန်လိုကြောင်း၊ ပုံမှန်ကုန်သွယ်မှုများ မှတစ်ဆင့် မိမိတို့နိုင်ငံမှ ထုတ်ကုန်များကို တင်ပို့ရောင်းချနိုင်သည့် ဈေးကွက်သစ်များ ရှာဖွေဆောင်ရွက်သွားကြရန်လိုသကဲ့သို့ နယ်စပ်ကုန်သွယ်ရေးနှင့် ပတ်သက်၍လည်း တရားဝင်လမ်းကြောင်းများမှသာလျင် ဆောင်ရွက်ကြရန်လိုကြောင်း၊ နယ်မြေတည်ငြိမ် အေးချမ်းရေး၊ တရားမဝင်ကုန်သွယ်မှုများ တိုက်ဖျက်ရေးတို့အတွက် ကြပ်မတ်ဆောင်ရွက်သွားရန်နှင့် စိစစ်ဖော်ထုတ်သွားရန် တာဝန်ရှိသည့် အဖွဲ့အစည်းများအနေဖြင့်လည်း ပြည်သူများလုံခြုံစိတ်ချစွာဖြင့် နေထိုင်လုပ်ကိုင် စားသောက်နိုင်ရေး မိမိတို့ကဏ္ဍအလိုက်ကျေပွန်အောင် ဆောင်ရွက်သွားရန်လိုကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
ထို့အတူ မိမိတို့နိုင်ငံအနေဖြင့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်စီးပွားရေးလုပ်ငန်းများနှင့် မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက် သယံဇာတအရင်းအမြစ်များကို ထုတ်ယူ သုံးစွဲသည့် စီးပွားရေးလုပ်ငန်းများကို ရှေးအစဉ်အဆက်ကတည်းက ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ရာ၌ မိရိုးဖလာ နည်းလမ်းများကို အသုံးပြုဆောင်ရွက်ခြင်းမှ ဖောက်ထွက်ကာ စဉ်ဆက်မပြတ် ပြောင်းလဲနေသည့် ခေတ်မီနည်းပညာများကိုအသုံးပြု၍သုတေသနပြု လေ့လာသုံးသပ် ပြင်ဆင်ဆောင်ရွက်သွားကြမည်ဆိုပါက နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ကြရာတွင်လည်း အမှန်တကယ်အလုပ်လုပ်ကြရန်နှင့် စွမ်းအားပြည့် အလုပ်လုပ်ကိုင်နိုင်ရေးအတွက် အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်ရန်လိုကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင်လိုအပ်သည့် သွင်းအားစုများကိုလည်း ဖြည့်ဆည်းပေးနိုင်ရန်လိုကြောင်း၊ အမှန်တကယ်အလုပ်လုပ်ကြမည်ဆိုပါက ထုတ်ကုန်ပစ္စည်းများရရှိလာမည်ဖြစ်ပြီး ထိုမှတစ်ဆင့် ပြည်ပသွင်းကုန်များကိုလျှော့ချနိုင်ကာ ပြည်ပပို့ကုန်များကို တိုးမြှင့်ရရှိလာမည်ဖြစ်သဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုများစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း ပြောကြားသည်။
စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်လုပ်ငန်းများ၊ သယံဇာတအရင်းအမြစ်များကို ထုတ်ယူသုံးစွဲသည့်လုပ်ငန်းများအပြင် ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခုဖြစ်သည့် အထည်ချုပ်လုပ်ငန်း (CMP) ဆောင်ရွက်ကြသည်များလည်းရှိပြီး ယင်းလုပ်ငန်းသည် ပြည်ပရင်းနှီးမြှုပ်နှံမှုများရှိမှသာလျင် ဆောင်ရွက်၍ရသည့် လုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း၊ CMP လုပ်ငန်းများ၌ လုပ်ကိုင်ဆောင်ရွက်နေကြသူများ အများအပြားရှိကြသဖြင့် လုပ်ငန်းဆောင်ရွက်မှုများ အဆင်ပြေချောမွေ့မှုရှိစေရေး သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့များအနေဖြင့် လိုအပ်သည်များ စိစစ်ဖြည့်ဆည်းအားပေးဆောင်ရွက်ပေးနိုင်ရန်လိုကြောင်း၊ မိမိတို့အနေဖြင့် ဈေးကွက်စီးပွားရေးစနစ် ကိုကျင့်သုံးဆောင်ရွက်လျက်ရှိပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ ယခင်ကကြုံတွေ့ခဲ့ရသော စီးပွားရေးနှင့်ပတ်သက်သည့် အခက်အခဲနှင့် သင်ခန်းစာများကို ဆန်းစစ်ဖော်ထုတ်ပြီး သုံးသပ်အဖြေရှာဆောင်ရွက်သွားကြရန်လိုကြောင်း၊ နိုင်ငံ၏အဓိကစီးပွားရေးဖြစ်သော စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများမှ တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများတိုးမြှင့်ရရှိရေး၊ ပြည်ပပို့ကုန် များတိုးမြှင့်ရရှိရေးနှင့် မိမိတို့နိုင်ငံ၏ထုတ်ကုန်များဈေးကွက်ရရှိရေးတို့အတွက် အစိုးရ၊ စိုက်ပျိုးမွေးမြူ ထုတ်လုပ်သူများနှင့် စီးပွားရေးလုပ်ငန်းရှင်များအားလုံး လက်တွဲညီညီဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်တွင်ဖြစ်ပေါ်လျက်ရှိသည့် ကုန်ဈေးနှုန်းကြီးမြင့်မှုများ၊ စက်သုံးဆီနှင့်စားသုံးဆီများ နှစ်စဉ်အများအပြား တင်သွင်းနေရမှုများ၊ ငွေကြေးတန်ဖိုး မတည်ငြိမ်မှုများကိုလည်း အဖြေရှာ၍ ဖြေရှင်းပေးကြရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်
ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးသို့ ဒုတိယသမ္မတများဖြစ်သည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့်တက်ရောက်ကြောင်း သိရသည်။