
နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်နှင့် ရုရှားနိုင်ငံအခြေစိုက် Areal Group of Companies ၏ အကြီးအကဲ တွေ့ဆုံပြီး သတ္တုရှာဖွေတူးဖော်ရေးဆိုင်ရာလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေးခဲ့ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ရုရှားနိုင်ငံ Areal Group of Companies ၏အကြီးအကဲ Mr. Vladislav V. SVIBLOV ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့က ယနေ့(အောက်တိုဘာ ၂၈ ရက်)နံနက်ပိုင်းတွင် နိုင်ငံတော်သမ္မတရုံးတော်ဧည့်ခန်းမ၌ လာရောက်ဂါရဝပြုတွေ့ဆုံစဉ် ထိုသို့ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား အပြန်အလှန်ယုံကြည်မှုနှင့် ချစ်ကြည်ရင်းနှီးမှုများ တိုးတက်ကောင်းမွန်လျက်ရှိမှု၊ ပညာရေးကဏ္ဍ၊ သိပ္ပံနှင့်နည်းပညာကဏ္ဍများအပါအဝင် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်လျက်ရှိမှု၊ နှစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်မှုတို့ကိုများစွာ အထောက်အကူပြုစေနိုင်မည့် သတ္တုရှာဖွေတူးဖော်ရေးဆိုင်ရာလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေ၊ သတ္တုတူးဖော်ခြင်းနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဟန်ချက်ညီစွာပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ ဦးအောင်ကျော်ဟိုးနှင့် တာဝန်ရှိသူများတက်ရောက်ပြီး ရုရှားနိုင်ငံ Areal Group of Companies ၏ အကြီးအကဲနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာရုရှားဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီး H.E. Iskander K. AZIZOV နှင့်ကိုယ်စားလှယ်အဖွဲ့ဝင်များတက်ရောက်ခဲ့ကြောင်း သိရသည်။