Eleven Media Group

ပြည်ထောင်စုအဖွဲ့အစည်းများအနေဖြင့် အဆောက်အဦ၊ ဆိုင်ခန်း၊ မြေငှားရမ်းခနှုန်းထားများကို ကာလပေါက်ဈေးနှင့်အညီတိုးမြှင့်လာပါက နိုင်ငံ့ဝင်ငွေတိုးမြင့်လာနိုင်သည်ဟု ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး လွှတ်တော်တွင်ပြောကြား

ပြည်ထောင်စုအဖွဲ့အစည်းများအနေဖြင့် အဆောက်အဦ၊ ဆိုင်ခန်း၊ မြေငှားရမ်းခနှုန်းထားများကို ကာလပေါက်ဈေးနှင့်အညီတိုးမြှင့်လာပါက နိုင်ငံ့ ဝင်ငွေတိုးမြင့်လာနိုင်သည်ဟု ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက လွှတ်တော်တွင်ပြောကြားသည်။
၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ နှစ်ပတ်လည်အစီရင် ခံစာအပေါ် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ(၂/၂၀၂၆) အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ၏ဆွေးနွေးချက်များအပေါ် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက အစီရင်ခံစာအပိုဒ်၁၆(ဃ)နှင့်စပ်လျဉ်း၍ ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုအဖွဲ့အစည်းများအနေဖြင့် အဆောက်အဦ၊ ဆိုင်ခန်း၊ မြေငှားရမ်းခနှုန်းထားများ ခေတ်နှင့်အညီဖြစ်စေရန် စာချုပ်စာတမ်းများအားပြန်လည်သုံးသပ်ပြီး နှုန်းထားများ ကာလပေါက်ဈေးနှင့်အညီတိုးမြှင့်လာပါက နိုင်ငံတော်၏ ဝင်ငွေတိုးမြင့်လာနိုင်ကြောင်း၊ ထို့ပြင် ယင်းတန်ဖိုးများအပေါ်တွင် တံဆိပ်ခေါင်းခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့်ဝင်ငွေခွန်များကို ဥပဒေနှင့်အညီ တိုးတက်ကောက်ခံရရှိနိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့်အခွန်နှုန်းထားတိုးမြှင့်ခြင်းမပြုဘဲ အခွန်အခြေကျယ်ပြန့်၍ အခွန်အခများတိုးတက်ရရှိလာနိုင်မည်ဖြစ်ပါသဖြင့် သုံးသပ်ချက်များအပေါ် ထောက်ခံကြောင်း ဒုဝန်ကြီး ဒေါ်သန်းသန်းလင်းက ပြောကြားသည်။

အလားတူ အစီရင်ခံစာ အပိုဒ် ၁၇ (ခ)နှင့်စပ်လျဉ်း၍ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် (ယာယီအမှန်စာရင်း)တွင် ကုန်သွယ်မှုစာရင်းအရ နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းပေါင်း အခု ၃၀ (မြန်မာနိုင်ငံတော်ဗဟိုဘဏ်အပါ)ရှိသည့်အနက် အမြတ်ပေါ်သည့် အဖွဲ့အစည်း ၂၃ ခု၊ အရှုံးပေါ်သည့်အဖွဲ့အစည်းခုနစ်ခုရှိကြောင်း၊မြန်မာ့မီးရထား၊ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးနှင့် မြန်မာအမျိုးသားလေကြောင်းတို့သည် ဘဏ္ဍာရေးအခြေအနေအရ အရှုံးဖြစ်ပေါ်နေသော်လည်း လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှုများအတွက် မှီခိုအားထားရာ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းဖြစ်သဖြင့် အရှုံးလျော့နည်း၍ လုပ်ငန်းစွမ်းဆောင်ရည်ကောင်းမွန်မှုရှိလာစေရန် သက်ဆိုင်ရာဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိကြောင်း ဒေါ်သန်းသန်းလင်းက ပြောကြားသည်။

မြန်မာ့သစ်လုပ်ငန်း အရှုံးဖြစ်ပေါ်ရခြင်းမှာ နိုင်ငံခြားသို့ သစ်အလုံးလိုက်တင်ပို့မှုမရှိခြင်း၊ သစ်ထုတ်လုပ်မှုများကျဆင်းခဲ့၍ ဝင်ငွေကျဆင်းခဲ့ခြင်း၊ သစ်ထုတ်လုပ်မှုစရိတ်များ တိုးမြင့်လာခြင်းနှင့် ၎င်း၏လုပ်ငန်းဆောင်ရွက်မှုရငွေသည် ဆောင်ရွက်မှုကုန်ကျစရိတ်ကိုပင် ကာမိနိုင်မှုမရှိခြင်းတို့ကြောင့်
သက်ဆိုင်ရာဝန်ကြီးဌာနက အရှုံးလျော့နည်း၍ အမြတ်ပေါ်ပေါက်စေရန် မူဝါဒချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနအနေဖြင့် အရှုံးဖြစ်ပေါ်နေသည့် အဖွဲ့အစည်းသုံးခု၏ နိုင်ငံပိုင်စက်ရုံအချို့ကို ပုဂ္ဂလိကသို့ငှားရမ်းခြင်း၊အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်း၊ အကျိုးတူဆောင်ရွက်ရန် ဖိတ်ခေါ်ထားခြင်းများဆောင်ရွက်၍ အရှုံးဖြစ်ပေါ်နေမှုကို သက်သာစေရန်ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက ပြောကြားသည်။

မူရင်းသတင်း — Eleven Media Group