CarsDB

ဘောင်းဘီ ၂ ထည်တည်းသာရှိသော လက်သမားဆရာကြီးက တသက်တာလုံး စုဆောင်းထားသည့် ဒေါ်လာ ၃ သန်းကို တက္ကသိုလ်မတက်နိုင်သည့်ကလေးများအတွက် ကျောင်းစရိတ်အဖြစ် ထားရှိခဲ့

တခါက အမေရိကန်ပြည်တွင် လက်သမားဆရာကြီးတစ်ဦး ရှိခဲ့ဖူးသည်။

၎င်းသည် ကုမ္ပဏီတစ်ခုတည်းတွင် ၆၇ နှစ်အလုပ်လုပ်ကာ ခြိုးခြံချွေတာနေထိုင်ရင်း ကွယ်လွန်ခါနီးတွင် တဘဝလုံး စုဆောင်းထားသည့် ဒေါ်လာ ၃ သန်းကို ၎င်းနှင့် လုံးဝမသိကျွမ်းသော သူစိမ်း ၃၃ ဦးကို တက္ကသိုလ်ကျောင်းစရိတ်အဖြစ် ချန်ထားရစ်ခဲ့သည်။

၎င်းကွယ်လွန်ချိန် ၂၀၀၅ ခုနှစ်အထိ ယခုကဲ့သို့ သူစိမ်းများကို ကျောင်းထားပေးခဲ့ခြင်း ဖြစ်၏။

၎င်း၏ အမည်မှာ ဒေးလ် ရှရော့ဒါဖြစ်ပြီး ဂျင်း ၂ စုံနှင့် Chevrolet ကားစုတ်ကြီးတစ်စင်းသာ ပိုင်သည်။

သို့သော် ၎င်းတိတ်တဆိတ် စုဆောင်းထားငွေမှာ ဒေါ်လာ ၃ သန်းခန့် ရှိသည်။

ရှရော့ဒါသည် ၎င်းနေထိုင်သော အမေရိကန်ပြည်၊ အိုင်အိုဝါပြည်နယ်မှ ကျောင်းလခမတတ်နိုင်သည့် ကျောင်းသားများကို ကျောင်းစရိတ် အမြဲထောက်ပံ့ပေးခဲ့သည်။

သူစိမ်းကလေးများကို ကျောင်းထားပေးခဲ့ပြီး ၁၄ နှစ်အကြာတွင် သူ၏ စုဆောင်းငွေများမှာ ကုန်သွားခဲ့ပြီ ဖြစ်သည်။

မစ္စတာ ရှရော့ဒါသည် ဆင်းဆင်းရဲရဲ ကြီးပြင်းလာခဲ့သူဖြစ်ပြီး တက္ကသိုလ်မတက်ဖူးချေ။

(ဒေးလ် ရှရော့ဒါတွင် သားသမီးမရှိ။ သူ၏ စုဆောင်းထားငွေများကို ဇာတိမြို့ရှိ ကျောင်းသားများအတွက် ကျောင်းစရိတ်အဖြစ် ထောက်ပံ့ခဲ့သည်။ ဓာတ်ပုံ ABC News)

ရှရော့ဒါသည် အိမ်ထောင်မရှိ။ သားသမီးမရှိ။

၎င်းမကွယ်လွန်မီ အချိန်အနည်းငယ်အလိုတွင် သူငယ်ချင်း ရှေ့နေဖြစ်သူ စတိဗ် နီးလ်ဆင်ထံ သွားရောက်ကာ မိမိ တဘဝလုံး စုဆောင်းထားငွေများကို မည်သို့ လုပ်ဆောင်ရမည်နည်းဟု တိုင်ပင်ခဲ့သည်။

“သူ့လို တက္ကသိုလ်တက်ဖို့ ငွေမရှိတဲ့ အခြေအနေ ရင်ဆိုင်ရတဲ့ ကလေးတွေကို သူက ကူညီချင်ခဲ့တယ်” ဟု ရှေ့နေ နီးလ်ဆင်က ပြောသည်။

((ရှရော့ဒါ ထောက်ပံ့ခဲ့သော ကလေးများက မိမိတို့လည်း အကူအညီလိုသူများကို ကူညီမည်ဟုဆို))

“ကျွန်တော်က ..သူ့ကို မေးတာပေါ့...ငွေက ဘယ်လောက်လောက်ရှိသလဲဆိုတော့...သူက...ဒေါ်လာ ၃ သန်းလောက်ကလေးပါဗျာတဲ့”

“ကျွန်တော် လန့်ဖြန့်ပြီး ခုံပေါ်ကနေတောင် လဲကျတော့မလိုဖြစ်သွားတယ်”

ရှရော့ဒါ ထားရစ်ခဲ့သောငွေ အများစုမှာ ပညာရေးအတွက်ဖြစ်ပြီး အနာဂတ် ကျောင်းဆရာလောင်းများ၊ ဆရာဝန်လောင်းများအတွက် တက္ကသိုလ်စရိတ် ထောက်ပံ့ရန် ဖြစ်သည်။
ယခုအခါ ရှရော့ဒါ ထားရစ်ခဲ့သောငွေမှာ ကုန်ခန်းသွားခဲ့ပြီဖြစ်သည်။ ရှရော့ဒါ၏ အကူအညီရယူခဲ့သူ ၃၃ ဦးက မိမိတို့သည်လည်း ဘဝတွင် အကူအညီလိုအပ်သူများကို ကူညီပေးမည်ဟု ကတိပြုခဲ့သည်။

ရှရော့ဒါ၏ ပညာရေးအကူအညီကို ရယူမည်ဆိုလျှင် ထိုသို့ မဖြစ်မနေ ကတိပြုရသည်။

(ရှရော့ဒါထံမှ ပညာရေးထောက်ပံ့စရိတ် ရယူခဲ့သူ ကီရာ ကိုနာ့ဒ်။ ဓာတ်ပုံ ABC News)

ဒေးရှရော့ဒါထံမှ ပညာရေးအထောက်အပံ့ ရယူခဲ့သော ကလေးများကို ဒေးလ်၏ ကလေးများဟု အမည်ပေးထားသည်။

တစ်ရက်တွင် ဒေးလ်၏ ကလေးများသည် ၎င်းသုံးစွဲခဲ့သော ထမင်းဘူးအနီး ဝိုင်းအုံကာ ဒေးလ်ကြောင့် မိမိတို့၏ ဘဝများ ပြောင်းလဲသွားရပုံများကို အမှတ်တရ ဆွေးနွေးပြောဆိုကြသည်။

ထိုအထဲတွင် ကီရာ ကိုနာ့ဒ်လည်း ပါဝင်၏။

“ကျွန်မက မိဘတစ်ဦးတည်းရှိတဲ့ ဘဝမှာ ကြီးပြင်းခဲ့ရတာပါ။ အမ ၃ ယောက်ရှိတယ်။ ဒါကြောင့် ၄ ယောက်လုံး ကျောင်းတက်ဖို့ မတတ်နိုင်ခဲ့ကြဘူး။ ကျွန်မ ခွန်အားမဲ့ခဲ့ရတယ်။ ကျွန်မမှာ ရည်မှန်းချက်တွေ ရှိပေမယ့် ငွေမတတ်နိုင်လို့ မမျှော်မှန်းနိုင်ခဲ့ဘူး”
တစ်ရက်တွင် မစ္စတာ နီးလ်ဆင်ထံမှ ဖုန်းဝင်လာသည်။ ကိုနာ့ဒ်၏ ကျောင်းစရိတ် ဒေါ်လာ ၈၀၀၀၀ ကို မစ္စတာ ရှရော့ဒါ၏ ရန်ပုံငွေမှ ထောက်ပံ့ပေးမည်ဟု ပြောလာခြင်းဖြစ်သည်။

“ကျွန်မ ချက်ချင်းပဲ မျက်ရည်တွေ ကျလာခဲ့တယ်။ ကျွန်မနဲ့ တခါမှ မတွေ့ဖူးတဲ့သူတစ်ယောက်က ကျောင်းစရိတ် အပြည့်အဝ ထောက်ပံ့ပေးမယ်ဆိုတာ မယုံနိုင်အောင်ပါပဲ”

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Carpenter with no children sends 33 strangers to university with small fortune (yahoo)

မူရင်းသတင်း — CarsDB