CarsDB

ကမ္ဘာ့ ပန်းကန်ပြားပျံ (UFO) နေ့ ပွဲတော်သို့ တက်ရန်အတွက် ပန်းကန်ပြားပျံပုံ ထူးဆန်းသော ကားတစ်စင်းဖြင့် အမေရိကန်ပြည်တစ်ဝန်း မိုင် ၁,၀၀၀ ခရီးနှင်ခဲ့သည့် စုံတွဲ

စုံတွဲတစ်တွဲသည် ကမ္ဘာ့အကြီးဆုံး ဂြိုလ်သားပွဲတော်သို့ တက်ရောက်ရန်နှင့် ကမ္ဘာ့ပန်းကန်ပြားပျံနေ့ကို ဂုဏ်ပြုရန်အတွက် ပန်းကန်ပြားပျံပုံ ထူးဆန်းသော ကားတစ်စီးဖြင့် အမေရိကန်ပြည်တစ်ဝန်း မိုင် ၁,၀၀၀ ကျော် ခရီးနှင်ခဲ့ကြသည်။

စတိဗ် (Steve) နှင့် မာရီလင် (Marilyn) တို့ ဇနီးမောင်နှံသည် မစ်ဇူရီပြည်နယ်၊ စိန့်လူးဝစ်မြို့မှသည် နယူးမက္ကဆီကိုပြည်နယ်၊ ရော့စ်ဝဲလ် (Roswell) မြို့သို့ မိုင်ထောင်ချီခရီးနှင်လာစဉ် လမ်းတစ်လျှောက် လူထောင်ပေါင်းများစွာ၏ အာရုံစိုက်မှုကို ခံခဲ့ရပြီး ဆဲလ်ဖီးဓာတ်ပုံ ရိုက်ကူးလိုသူတို့ကြောင့် မကြာခဏ ရပ်တန့်ခဲ့ရသည်။

(ကမ္ဘာ့ပန်းကန်ပြားပျံနေ့ကို ဂုဏ်ပြုရန်အတွက် အမေရိကန်ပြည်တဝန်း ခရီးနှင်ခဲ့သော ပန်းကန်ပြားပျံကား ။ ဓာတ်ပုံ - Credit: Supplied /The Sun)

(ပန်းကန်ပြားပျံ ရူးသွပ်သူများဖြစ်သော စတိဗ်နှင့် မာရီလင်တို့သည် ထူးဆန်းသောကားဖြင့် မိုင် ၁,၀၀၀ ခရီးကို ဖြတ်သန်းခဲ့ကြပုံ။ ဓာတ်ပုံ - Credit: Supplied /The Sun)

၁၉၄၇ ခုနှစ်တွင် နယူးမက္ကဆီကို သဲကန္တာရအတွင်းသို့ အာကာသယာဉ်တစ်စင်း ပျက်ကျခဲ့သည့် ရော့စ်ဝဲလ် ဖြစ်ရပ် (Roswell Incident) ကို အောက်မေ့သည့်အနေဖြင့် ဂြိုလ်သားစိတ်ဝင်စားသူ သန်းပေါင်းများစွာသည် နှစ်စဉ် အထိမ်းအမှတ်ပွဲလမ်းများ ကျင်းပခဲ့သည်။

ရော့စ်ဝဲလ် ပန်းကန်ပြားပျံ ပွဲတော် (Roswell UFO Festival) ကို ရော့စ်ဝဲလ်မြို့တစ်ဝန်း၌ ကျင်းပလေ့ရှိပြီး ၅ ကီလိုမီတာ၊ ၁၀ ကီလိုမီတာ အပျော်တမ်း အပြေးပြိုင်ပွဲ၊ ညပိုင်း ဒရုန်းပြပွဲ၊ ပန်းကန်ပြားပျံပြတိုက်၊ ကားပြပွဲနှင့် တန်းစီချီတက်ပွဲတို့ ပါဝင်သည်။

(ရော့စ်ဝဲလ် ပန်းကန်ပြားပျံ ပွဲတော်တွင် စတိဗ်တို့စုံတွဲ၏ ပန်းကန်ပြားပျံကားကို လူအများက အထူးအံ့အားသင့်ခဲ့ကြသည်။ ဓာတ်ပုံ Credit: Supplied /The Sun)

(မိုင်ထောင်ချီ လမ်းတစ်လျှောက်တွင် စတိဗ်တို့ စုံတွဲနှင့်အတူ လူအများက ဓာတ်ပုံတွဲရိုက်ခဲ့ကြသည်။ ဓာတ်ပုံ Credit: Supplied /The Sun)

ပန်းကန်ပြားပျံ ပျက်ကျမှု ၇၅ နှစ်မြောက် အထိမ်းအမှတ်အဖြစ် ၂၀၂၂ ခုနှစ်တွင် ပထမဆုံးအကြိမ် ပန်းကန်ပြားပျံပွဲတော်ကို စတင်ကျင်းပခဲ့ခြင်း ဖြစ်သည်။

ကွယ်လွန်သွားကြပြီဖြစ်သော စတန်တန် ဖရိုင်းမန်း (Stanton Friedman) နှင့် ဂျက်ဆီ မာဆယ် စီနီယာ(Jesse Marcel Senior) တို့ကို ဂုဏ်ပြုသည့် အနေဖြင့် UFO walk of fame ကို တရားဝင် ဖွင့်လှစ်ခဲ့သည်။

အသက် ၈၄ နှစ်အရွယ် ၂၀၁၉ ခုနှစ်တွင် ကွယ်လွန်ခဲ့သော ဖရိုင်းမန်းသည် ပန်းကန်းပြားပျံ သုတေသနလုပ်ခဲ့သည့် ၆၂ နှစ်တာ ကာလအတွင်း ၎င်းကိုယ်တိုင် တစ်ကြိမ်တစ်ခါမျှ ပန်းကန်ပြားပျံ မတွေ့ဖူးခဲ့သော်လည်း ကမ္ဘာ့ထိပ်တန်း ပန်းကန်ပြားပျံ ရှာဖွေသူ တစ်ဦးအဖြစ် နာမည်ကျော်ခဲ့သည်။

ဖရိုင်းမန်းသည် နျူကလီးယား ရူပဗေဒပညာရှင်တစ်ဦးလည်း ဖြစ်သည်။

နယူးမက္ကဆီကိုပြည်နယ်ရှိ ယာတောတစ်ခုတွင် ပန်းကန်ပြားပျံအပျက် ၂ ခုနှင့် ဂြိုလ်သား အလောင်းများစွာကို အမေရိကန် စစ်ဘက်က သိမ်းဆည်းရမိခဲ့သည်ဟု ကောလာဟလများ ထွက်ပေါ်ခဲ့ပြီးနောက် ထိုနေရာသည် ပန်းကန်ပြားပျံပညာရှင်များအတွက် အလေးထားအာရုံစိုက်ရာ နေရာတစ်ခု ဖြစ်လာသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Wacky couple drive FLYING SAUCER car 1,000 miles across US to visit Roswell on World UFO Day (thesun)

မူရင်းသတင်း — CarsDB