CarsDB

ဒူဘိုင်းမှ အိမ်ခြံမြေကုမ္ပဏီတစ်ခုက တစ်နှစ်တာ အကောင်းဆုံးဝန်ထမ်းကို Lamborghini Urus ပြိုင်ကား ဆု ချီးမြှင့်

ဒူဘိုင်းအခြေစိုက် အိမ်ခြံမြေကုမ္ပဏီတစ်ခုသည် စွမ်းဆောင်ရည်အကောင်းဆုံး အရောင်းဝန်ထမ်းတစ်ဦးကို Lamborghini Urus ပြိုင်ကားတစ်စီး အံ့အားသင့်ဖွယ် ဆုချီးမြှင့်ခဲ့သည်။

ထိုသို့ ဆုချီးမြှင့်မှုတွင် မည်သည့် ကန့်သတ်ချက် (သို့မဟုတ်) သတ်မှတ်ချက်မှ မပါရှိချေ။

သို့သော် တွက်ချက်ကြည့်သောအခါ ယခုပမာဏမှာ ၎င်းတို့အတွက် ငွေကြေးပိုင်းအရ မှုလောက်စရာမရှိကြောင်း တွေ့ရသည်။

((ဘောနပ်စ်အဖြစ် Lamborghini ရရှိခြင်းကို မြင်ယောင်ကြည့်ပါ))

ဒူဘိုင်းမှ ထိပ်တန်းအိမ်ခြံမြေ အကျိုးဆောင်ကုမ္ပဏီ Richkey Properties သည် ၎င်းတို့၏ ထိပ်တန်းစွမ်းဆောင်ရည်အကောင်းဆုံး အရောင်းဝန်ထမ်းအား ခန့်မှန်းခြေ ဒေါ်လာ ၂၅၀,၀၀၀ တန်ကြေး ရှိသည့် Lamborghini SUV ကားသစ်တစ်စင်း ဆုချီးမြင့်ခဲ့မှုမှာ လူအများကို အံ့အားသင့်စေခဲ့သည်။

(ဓာတ်ပုံ- richkey_properties/natalia_propiedades_dubai)

ထိပ်တန်းသတင်းအဖြစ် ဖော်ပြခံနေရသော ယခု ဆုချီးမြှင့်မှုသည် စီးပွားရေး မဟာဗျူဟာ တစ်ခုလည်း ဖြစ်၏။

သတင်းစကားမှာ ရှင်းပါသည်။ ကျွန်ုပ်တို့နှင့်အတူ လက်တွဲ အလုပ်လုပ်ပါ၊ အိမ်ခြံမြေများ ရောင်းချပါ၊ Lamborghini ကားတစ်စင်း ရယူလိုက်ပါဟူ၍ ဖြစ်သည်။

အရည်အချင်းရှိသူများကို ဆွဲဆောင်ရန်အတွက် ယခုနည်းလမ်းမှာ အတော်ထိရောက်မှု ရှိသည်။

(ဓာတ်ပုံ Credit- richkey_properties/natalia_propiedades_dubai)

Lamborghini Urus မှာ အနည်းဆုံး ဒေါ်လာ ၂၅၀,၀၀၀ ခန့်မှ စသည်။
ဒူဘိုင်းကဲ့သို့ နေရာမျိုးတွင် ထိုပမာဏ အကျိုးဆောင်ခရရန် အိမ်ခြံမြေ အများအပြား ရောင်းချနိုင်ရန် မလိုချေ။

ဒုတိယတန်း အိမ်ခြံမြေအရောင်းအဝယ်များတွင် အကျိုးဆောင်လောက ပုံမှန်နှုန်းထားမှာ ဝယ်ယူသည့်တန်ဖိုး၏ ၂ ရာခိုင်နှုန်း (၅ ရာခိုင်နှုန်း အခွန်အပါအဝင်) ဖြစ်ပြီး အများအားဖြင့် ဝယ်သူမှ ပေးရသည်။

သို့သော် developer ထံမှ တိုက်ရိုက်ဝယ်သော off-plan အိမ်ခြံမြေတို့ဆိုလျှင် အကျိုးဆောင်ခ ပိုရသည်။

((မှတ်ချက်။ off-plan အိမ်ခြံမြေဆိုသည်မှာ ဆောက်လုပ်ဆဲ အိမ်ခြံမြေစီမံကိန်းများဖြစ်သည်။ ထိုအိမ်ခြံမြေတို့မှာ အများအားဖြင့် အလုံးစုံပြီးစီးကာ အသင့်နေရုံ အိမ်များအောက် ဈေးနှုန်း ပိုမိုသက်သာသည်။ အရစ်ကျစနစ်ဖြင့် ပေးချေနိုင်သည့်အပြင် ဆောက်လုပ်ပြီးစီးချိန်တွင် တန်ဖိုးတက်လာနိုင်ချေ များသောကြောင့် အိမ်ခြံမြေနယ်တွင် ရင်းနှီးမြှုပ်နှံသူများကြား လူကြိုက်များသည်။ off-plan အိမ်ခြံမြေများ ရောင်းချရာတွင် developer က ရောင်းချပေးသည့်အိမ်ခြံမြေကုမ္ပဏီကို အကျိုးဆောင်ခ ပေးရသည်။ အုတ်မြစ်ပင် မချရသေးသော (သို့မဟုတ်) ဆောက်လုပ်နေဆဲ အိမ်ခြံမြေစီမံကိန်းများအတွက် ဝယ်လက် ရှာပေးရသည်မှာမလွယ်။ developer တို့၏ အဓိက လိုလားချက်မှာ ငွေအမြန်ပေါ်ရန်နှင့် project တခုလုံး အမြန်ရောင်းထွက်ရန်ဖြစ်ရာ အကျိုးဆောင်ကုမ္ပဏီများကို ပုံမှန်ထက် ရာခိုင်နှုန်း ပိုပေးလေ့ရှိသည်။ အများအားဖြင့် ၄ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်းအထိ ပေးကြပြီး အချို့စီမံကိန်းများတွင် ထို့ထက်ပိုသည်။))

(ဓာတ်ပုံ- richkey_properties/natalia_propiedades_dubai)

အထက်ပါ အချက်များကို ထည့်သွင်းစဉ်းစားပါက တစ်နှစ်လျှင် ဒေါ်လာ သန်းဂဏန်းတန်ကြေးရှိ အိမ်ခြံမြေတစ်လုံး ရောင်းချရုံဖြင့် ယခုလို ကားတစ်စီးဝယ်ရန် လုံလောက်နေပြီဖြစ်သည်။

(ဓာတ်ပုံ Credit- richkey_properties/natalia_propiedades_dubai)

((ပင်လယ်ရေတစက်မျှသာ...))

Richkey Properties ကုမ္ပဏီ၏ ဝန်ထမ်းအင်အား၊ ရောင်းအားတို့နှင့် စပ်လျဉ်းပြီး supercarblondie သတင်းဌာနက သုတေသနပြုလေ့လာခဲ့သည်။
ထိုအခါ Lambo Urus တစ်စင်း ဆုချခြင်းမှာ ၎င်းတို့အတွက် ပင်လယ်ထဲမှ ရေတစ်စက်မျှသာဖြစ်ကြောင်း သိနိုင်ရန် များစွာအချိန်မယူခဲ့ရချေ။


(ဓာတ်ပုံ- richkey_properties/natalia_propiedades_dubai)

Richkey Properties သည် သမားရိုးကျ အိမ်ခြံမြေများထက် off-plan အိမ်ခြံမြေများကို ဦးစားပေး ရောင်းချပေးသည်။ ဒိတ်ဒိတ်ကြဲ developer များဖြစ်သော Emaar, DAMAC, and Sobha တို့၏ စီမံကိန်းများအတွက် မိတ်ဖက်အဖြစ် တာဝန်ယူထားကာ ၎င်းတို့၏ ဆောက်လုပ်ဆဲ စီမံကိန်းများကို ရောင်းချပေးသည်။

(ဓာတ်ပုံ Credit- richkey_properties/natalia_propiedades_dubai)

အဆိုပါ ဆောက်လုပ်ရေးစီမံကိန်းများတွင် high-end တိုက်ခန်းများနှင့် မိသားတစ်စုစာ စံအိမ်များမှာ အနိမ့်ဆုံး ဂဏန်း ၇ လုံးမှ စတင်လေ့ရှိသည်။
ထိပ်တန်းအိမ်ခြံမြေများဆိုလျှင် ဂဏန်း ၈ လုံး တန်ဖိုးအထိ ရှိသည်။

(ဓာတ်ပုံ- richkey_properties/natalia_propiedades_dubai)

Richkey Properties တွင် အရောင်းဝန်ထမ်း ၂၀၀ ကျော်ရှိပြီး တစ်လလျှင် အကြမ်းဖျင်းအားဖြင့် အိမ်ခြံမြေအရောင်းအဝယ် ၁၂၀ ခန့်ကို ဆောင်ရွက်ပေးလျက် ရှိသည်။

ထိုကိန်းဂဏန်းများအရဆိုလျှင် ဒေါ်လာ ၂၅၀၀၀၀ တန် Lamborghini ဆုချသည်ဆိုခြင်းမှာ ဘောလုံးအသင်းတစ်သင်းက ထိပ်တန်းဂိုးသွင်းသူကို ကြက်သားဟင်းဖြင့် ညစာကျွေးသည့် သဘောမျှသာ ရှိသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Real estate company surprises its top-performing agent with a Lamborghini Urus as employee of the year award (supercarblondie)

မူရင်းသတင်း — CarsDB