
အချိန်ကား ၁၉၉၁ ခုနှစ်၏ တခုသော မနက်ခင်း။
ရိုမေးနီးယားနိုင်ငံ အရှေ့ပိုင်းမှ Bacau အမည်ရှိ မြို့ငယ်လေးတွင် ဖြစ်သည်။
ဗာစီလီ (Vasile Gorgos) အမည်ရှိ အသက် ၆၃ နှစ်အရွယ် နွားမွေးမြူရေးလုပ်ကိုင်သူ အမျိုးသားကြီးက အလုပ်ကိစ္စအတွက် ခရီးသွားမည့်အကြောင်း မိသားစုကို ပြောနေသည်။
ဗာစီလီသည် နွားအရောင်းအဝယ်ကိစ္စအတွက် မကြာခဏ ခရီးထွက်ရတတ်သူဖြစ်ရာ အဆန်းတကြယ် မဟုတ်ချေ။
ဗာစီလီက ရထားဖြင့်သာ အမြဲသွားသည်။
ယနေ့အတွက်လည်း ရထားလက်မှတ်ဝယ်ထားပြီးပြီဖြစ်၏။
ထိုနေ့တွင် ဗာစီလီတစ်ယောက် အိမ်ပြန်ရောက်မလာခဲ့။
၎င်းမှာ အမြဲ နေ့ချင်းပြန်လေ့ရှိသူဖြစ်ရာ မိသားစုက နောက်နေ့တွင် ရဲစခန်း၌ အကြောင်းကြားထားခဲ့သည်။
တစ်ရက်ကုန်လွန်သွားသည်။ မထူးခြား။
၂ ရက်ကုန်လွန်သွားသည်။ မထူးခြားသေး။
သို့နှင့် ရက်မှလ၊ လမှ နှစ်သို့တိုင် ကူးပြောင်းသွားသဖြင့် သူ၏ မိသားစုက ဗာစီလီ သေဆုံးသွားပြီဟု ယူဆထားလိုက်တော့သည်။
သတင်းသန့်သန့်ပင် မရသောကြောင့် အသတ်ခံရခြင်းဖြစ်နိုင်သည်ဟု မိသားစုက သံသယဖြစ်ခဲ့ကြသည်။
မိသားစုက နှစ်ပတ်လည် အထိမ်းအမှတ်များ ပြုလုပ်ပေးနေခဲ့ကြသည်။
သို့နှင့် နှစ်ပေါင်း ၃၀ ကုန်လွန်ဖြတ်သန်းသွားပြီး မျိုးဆက်သစ်များပင် လူလားမြောက်ကာ လူကြီးအရွယ် ရောက်လာသည်။ လူလတ်ပိုင်းများမှာမူ လူကြီးသူမများ ဖြစ်ကုန်သည်။
((အိမ်ပြန်ခရီး))
၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်။
ဗာစီလီ၏ အိမ်ရှေ့သို့ ကားတစ်စီး ဆိုက်လာသည်။
ထိုအိမ်မှာ လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကအတိုင်းပင်။
အသက် ၉၃ နှစ်အရွယ် အဘိုးအိုတစ်ဦး ကားနောက်ခန်းမှ ဆင်းလာသည်။
သူ၏ အသွင်မှာ တစုံတရာကို စိတ်အိုက်နေဟန်ပေါ်သည်။
သူ၏ မိသားစုဝင်များမှာ အဖြစ်အပျက်အလုံးစုံကို သိလိုက်ပြီးနောက် မယုံနိုင်အောင်ဖြစ်နေခဲ့သည်။
နှစ်ပေါင်း ၃၀ လုံး မည်သည့်နေရာသို့ ရောက်နေခဲ့သလဲဟု မေးရာတွင် ဗာစီလီက အိမ်တွင်သာရှိနေသည်ဟု ဆိုသည်။
ထူးဆန်းသည့်အချက်မှာ သူ၏ အဝတ်အစားများမှာ လွန်ခဲ့သော နှစ်ပေါင်း ၃၀ က နေအိမ်မှ ထွက်သွားခဲ့သည့်အတိုင်းဖြစ်နေခြင်းဖြစ်ပြီး အိပ်ကပ်ထဲတွင် မှတ်ပုံတင်နှင့်အတူ ထိုစဉ်က စီးခဲ့သည့် ရထားလက်မှတ်ပင် ရှိနေသေးသည်။
ရထားလက်မှတ်မှာ Bacău-Ploieşti လမ်းပိုင်းတွင် စီးနိုင်သည့် ရထားလက်မှတ်ဖြစ်သည်။

(ယခုအခါ အသက် ၉၆ နှစ်ရှိပြီဖြစ်သူ ဗာစီလီသည် နွားမွေးမြူရေးသမား၊ နွားကုန်သည်တစ်ဦးဖြစ်ပြီး နှစ် ၃၀ အကြာတွင် ယခင်အဝတ်အစားအတိုင်း ပြန်ရောက်လာသည်။)
သတင်းများအရ ဗာစီလီသည် ၎င်းမွေးဖွားသည်မှာ ၁၉၂၈ ခုနှစ်ဖြစ်ကြောင်း၊ ဇနီးဖြစ်သူ ကွယ်လွန်သွားပြီဖြစ်ကြောင်း၊ မိမိမှာ နာမည်ကြီး ကုန်သည်ကြီးတစ်ဦး၏ သားဖြစ်ကြောင်း ပြောနိုင်သော်လည်း မိမိ၏ သားနှင့် သမီးကိုမူ မမှတ်မိချေ။
ဗာစီလီ၏ သားက ပြည်တွင်းသတင်းမီဒီယာတို့ကို ပြောခဲ့သည်မှာ ဖခင်ဖြစ်သူ မည်သို့ဖြစ်ပျက်သည်ကို မိမိအနေဖြင့် ယခုတိုင် နားမလည်နိုင်အောင်ဖြစ်နေကြောင်း ပြောသည်။

(ဗာစီလီသည် အိမ်မှထွက်သွားပြီး နှစ်ပေါင်း ၃၀ အကြာ ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်တွင် အိမ်ပြန်ရောက်လာသည်။ ၎င်းက နှစ်ပေါင်း ၃၀ လုံး အိမ်တွင်ရှိနေကြောင်း ပြောခဲ့ရာ မိသားစုမှာ နားမလည်နိုင် ဖြစ်ခဲ့ရသည်)

(ဗာစီလီသည် ၁၉၉၁ ခုနှစ်အတွင်း အလုပ်ကိစ္စအတွက် အိမ်မှ ထွက်သွားခဲ့ခြင်းဖြစ်သည်)

(၎င်း၏ မိသားစုက ပြောသည်မှာ အိမ်ရှေ့သို့ ကားတစ်စင်းဆိုက်လာကြောင်း၊ ထိုကားပေါ်မှ ဗာစီလီ ဆင်းလာခြင်းဖြစ်ပြီး အိမ်မှထွက်သွားစဉ်က အဝတ်အစားများအတိုင်း ပြန်လာခြင်းဖြစ်ကြောင်း ပြောသည်။)
ဆေးစစ်မှုများ ပြုလုပ်ပြီးချိန်တွင် ကျန်းမာရေးကောင်းပါသည်ဟူသော တစ်ခွန်းသာ ဆရာဝန်တို့ ပြောနိုင်သည်။
အာရုံကြောပြဿနာအချို့မှလွဲပြီး အခြားမည်သည့်ရောဂါမှ ရှိမနေခြင်းမှာ သူ၏ အသက်အရွယ်နှင့်ဆိုလျှင် အံ့အားသင့်ဖွယ်ကောင်းသည်။
ထူးဆန်းသည်မှာ ဗာစီလီသည် သူ၏ မိသားစု၊ နေအိမ်နှင့် အတိတ်ဖြစ်ရပ်အားလုံးကို ကောင်းစွာ မှတ်မိသော်လည်း လွန်ခဲ့သော နှစ်ပေါင်း ၃၀ အတွင်းဖြစ်ပျက်ခဲ့ပုံများကို တခုမှ မသိခြင်း ဖြစ်သည်။
အိမ်နီးချင်းတို့မှာလည်း ဗာစီလီ စီးလာသည့်ကားမှ ယာဉ်မောင်းနှင့် ကားနံပါတ်တို့ကို အမှတ်တမဲ့ဖြစ်ခဲ့ကြသည်။
ယာဉ်မောင်းသည် ကားပေါ်မှ ဆင်းလာခြင်းမရှိသလို ဗာစီလီဆင်းသွားချိန်တွင် ကားမှာချက်ချင်း ပြန်ထွက်သွားခဲ့သည်။

(ဗာစီလီသည် ၁၉၉၁ ခုနှစ်နောက်ပိုင်း နှစ်ပေါင်း ၃၀ မည်သို့မည်ပုံဖြစ်ပျက်ခဲ့သည်ကို ၎င်းကိုယ်တိုင်စဉ်းစား၍ မရချေ။)
သတင်းများအရ ဗာစီလီသည် ၎င်းမွေးဖွားသည်မှာ ၁၉၂၈ ခုနှစ်ဖြစ်ကြောင်း၊ ဇနီးဖြစ်သူ ကွယ်လွန်သွားပြီဖြစ်ကြောင်း၊ မိမိမှာ နာမည်ကြီး ကုန်သည်ကြီးတစ်ဦး၏ သားဖြစ်ကြောင်း ပြောနိုင်သော်လည်း မိမိ၏ သားနှင့် သမီးကိုမူ မမှတ်မိချေ။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Man Vanishes for 30 Years and Gets Dropped off Home in the Same Clothes He Left