CarsDB

ကားပါကင် နေရာပေါင်း ၂၀၀ နီးပါး ဝယ်ထားတဲ့ အမျိုးသမီးနဲ့ အိမ်ရာမှာ နေထိုင်သူတွေကြားက ပြဿနာ

တရုတ်ပြည်အလယ်ပိုင်းတွင် အမျိုးသမီးတစ်ဦးသည် အိမ်ရာဝန်းတစ်ခုတွင် ကားပါကင်နေရာပေါင်း ၁၉၆ နေရာကို ယွမ် ၁၄ သန်း (ဒေါ်လာ ၂ သန်း) ဖြင့် ဝယ်ယူကာ အမြောက်အများ ဈေးတင်ရောင်းချမှုနှင့် စပ်လျဉ်းပြီး အိမ်ရာတွင် နေထိုင်သူတို့က တရားစွဲထားသည်။

တရုတ်ပြည်၊ ဟူနန်ပြည်နယ်၊ ချန်ရှားမြို့တွင် ဖြစ်ပွားခြင်းဖြစ်ကြောင်းသာ သိရပြီး လူနေအိမ်ရာ၏ အမည်ကို မသိရချေ။

အိမ်ရာဆောက်လုပ်မှု စီမံကိန်းမှာ ၂၀၁၈ ခုနှစ်တွင် အပြီးသတ်ခဲ့ပြီးနောက် စတင်ရောင်းချမှုများ ပြုလုပ်ခဲ့သည်။

ထိုအချိန်က အိမ်ရာတွင် ဈေးဆိုင်၊ စာသင်ကျောင်း၊ အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ် အစရှိသည်တို့ ကင်းမဲ့နေသောကြောင့် ဝယ်ယူလိုသူများစွာက တုံ့ဆိုင်းနေခဲ့ကြသည်။

သို့အတွက် အဆိုပါအိမ်ရာမှ တိုက်ခန်းများကိုသာမက ကားပါကင်နေရာများကိုပါ စိတ်ဝင်စားမှု နည်းပါးခဲ့ကြောင်း Hunan TV ရုပ်သံဌာနက ဖော်ပြသည်။

ထိုသို့ အားနည်းချက်များရှိသော်လည်း မျိုးရိုးအမည် ဝူဟုခေါ်သော အမျိုးသမီးတစ်ဦးက ကားပါကင်နေရာပေါင်း ၁၉၆ ခုကို ယွမ် ၁၄ သန်းပေးကာ တထိုင်တည်း ဝယ်ယူခဲ့သည်။
ထိုပမာဏမှာ အိမ်ရာဝန်းမှ ကားပါကင်နေရာ စုစုပေါင်း၏ ၄၀ ရာခိုင်နှုန်း ဖြစ်သည်။

ငွေသားလိုအပ်နေသော Developer မှာ ဝူ၏ ဝယ်ယူလိုမှုကို သဘောတူကာ ရောင်းချပေးခဲ့ခြင်း ဖြစ်သည်။

ဒေသအာဏာပိုင်တို့ ထုတ်ပြန်သော ဒေသဖွံ့ဖြိုးရေး စီမံကိန်းများကို သုံးသပ်ပြီးနောက် ဝူက အဆိုပါအိမ်ရာသည် အနာဂတ်တွင် ဖွံ့ဖြိုးလာနိုင်ကြောင်း ယုံကြည်သည်။

၎င်းခန့်မှန်းသည့်အတိုင်း ထိုဒေသမှာ လျင်မြန်စွာဖွံ့ဖြိုးလာပြီးနောက် အိမ်ရာဝန်းအတွင်းရှိ အခန်းများမှာလည်း လျင်မြန်စွာ ရောင်းထွက်ကုန်ရာ ကားပါကင်လိုအပ်ချက် ကြီးမားလာခဲ့သည်။


(အိမ်ရာဆောက်လုပ်မှု စီမံကိန်းမှာ ၂၀၁၈ ခုနှစ်တွင် အပြီးသတ်ခဲ့ပြီးနောက် စတင်ရောင်းချမှုများ ပြုလုပ်ခဲ့သည်။ ဈေးဆိုင်၊ စာသင်ကျောင်း၊ အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ် အစရှိသည်တို့ ကင်းမဲ့နေသောကြောင့် ဝယ်ယူလိုသူများစွာက တုံ့ဆိုင်းနေခဲ့ကြသည်။ ဝူ၏ အတွေးမှာမူ အခြားသူတို့နှင့် မတူခဲ့။ ဓာတ်ပုံ Shutterstock)

ဝူက သူ၏ ရင်းနှီးမြှုပ်နှံမှုကို စောင့်ရှောက်ကာကွယ်ရန်အတွက် အခွင့်မရှိဘဲ ကားမရပ်နိုင်စေရန် parking lock များ ထားရှိထားသည်။

ယင်းနောက် ကားပါကင်နေရာအချို့ကို တစ်လလျှင် ယွမ် ၅၀၀ (၇၅ ဒေါ်လာ) ဖြင့် အငှားချထားရာ ထိုဈေးနှုန်းမှာ အိမ်ယာ developer က ၂၀၁၈ ခုနှစ်တွင် သတ်မှတ်ခဲ့သည့်ဈေးထက် ၂ ဆ များပြားနေသည်။

ယင်းနောက် ကားပါကင်နေရာများကို တစ်နေရာလျှင် ယွမ် ၁၀၀,၀၀၀ (ဒေါ်လာ ၁၅၀၀၀) ဖြင့် စတင်ရောင်းချခဲ့သည်။ ထိုဈေးနှုန်းမှာ မူလပေါက်ဈေးထက် ၈၀ ရာခိုင်နှုန်း များပြားသည့် ဈေးနှုန်းလည်း ဖြစ်သည်။

အိမ်ရာတွင် နေထိုင်သူများစွာက ဝူအနေဖြင့် ကားပါကင်နေရာများကို မူရင်းဈေးအတိုင်း ပြန်ရောင်းပေးသင့်ကြောင်း ပြောဆိုကြသည်။

ကားပါကင်နေရာ ရှားပါးနေသော အိမ်ရာဝန်းအတွင်း ဝူ၏ လုပ်ဆောင်ချက်အပေါ် အိမ်ရာနေထိုင်သူတို့ အလွန်ဒေါသထွက်ခဲ့ကြသည်။

အငြင်းပွားမှုများကို ဖြန်ဖြေပေးရန်အတွက် အစိုးရအရာရှိတစ်ဦး စေလွှတ်ပေးခဲ့သော်လည်း သူ၏ အားထုတ်မှုများ မအောင်မြင်ခဲ့။

ယင်းနောက် အိမ်ရာတွင် နေထိုင်သူအချို့ ပူးပေါင်းကာ ဝူကို တရားစွဲခဲ့ကြသည်။
ထိုအဖွဲ့က တင်ပြသည်မှာ ကားပါကင်နေရာများမှာ လူနေအသိုက်အဝန်းတစ်ခု၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်က လက်ဝါကြီးအုပ်ထားကာ အမြတ်တင် ပြန်ရောင်းနေခြင်းမျိုး မဖြစ်သင့်ကြောင်း တင်ပြကြသည်။

ဝူနှင့် developer တို့အကြားမှ ကားပါကင်နေရာ အရောင်းအဝယ်ကို ဖျက်သိမ်းပေးရန် တရားရုံးသို့ တင်ပြခဲ့သည်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် တရားရုံးက ဝူကို အနိုင်ပေးကာ ဆုံးဖြတ်ခဲ့သည်။
တရားရုံးက သုံးသပ်သည်မှာ အဆိုပါအိမ်ရာ၏ developer သည် ကားပါကင်နေရာများကို အရောင်းတင်ခဲ့ရာတွင် ဒေသခံအားလုံး ဝယ်ယူနိုင်သည့် အခွင့်အရေး တန်းတူရည်တူရှိခဲ့ကြောင်း၊ သို့သော် ထိုအခွင့်အရေးကို မရယူခဲ့ကြကြောင်း၊ လူကြိုက်နည်းနေသည့် အခြေအနေမျိုးတွင် ဝူက စွန့်စားသည့်အနေဖြင့် ငွေသုံးစွဲကာ အခွင့်အရေးကို ရယူခဲ့ခြင်းဖြစ်ကြောင်း သုံးသပ်သည်။


(တရားရုံးက ဝူကို အနိုင်ပေးကာ ဆုံးဖြတ်ခဲ့သည်။ ဓာတ်ပုံ Shutterstock)

ဝူက ကားပါကင်နေရာ အများအပြား ဝယ်ယူခဲ့ခြင်းမှာ ဥပဒေကို ချိုးဖောက်ခြင်း မရှိသည်ကို တွေ့ရကြောင်း၊ လူတစ်ဦးသည် ကားပါကင်နေရာ မည်မျှသာ ပိုင်ရမည်ဟု ပြဌာန်းထားသည့် ဥပဒေမရှိကြောင်းလည်း တရားရုံးက သုံးသပ်ခဲ့သည်။
ထိုအမှုမှာ ပြည်မကြီးလူမှုကွန်ရက်တွင် ဂယက်ရိုက်ခဲ့ပြီး လူမှုကွန်ရက်သုံးစွဲသူများစွာက ဝူကို ထောက်ခံကြသည်။

“ဒီအမျိုးသမီးဘက်က ဘာမှ အမှားမရှိပါဘူး။ အိမ်ရာဆောက်တဲ့ developer က ကားပါကင်နေရာကို လူတိုင်းကို ရောင်းပေးခဲ့တာပဲ။ သူတို့တွေမှ မဝယ်ခဲ့ကြတာ” ဟု တစ်ဦးက မှတ်ချက်ပြုသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Chinese woman snaps up nearly 200 parking spaces to flip to neighbours for profit (scmp)

မူရင်းသတင်း — CarsDB