CarsDB

တရုတ်ပြည်တွင် ရာသီဥတု ဆိုးရွားနေသည့်ကြားမှ ရုံးတက်ရုံးဆင်းလုပ်နေရသော ဝန်ထမ်းများကို သူဌေးဖြစ်သူက BMW ကားသစ်များ လက်ဆောင်ပေး

တရုတ်ပြည်တွင် စားသောက်ဆိုင်ပိုင်ရှင် အမျိုးသမီးကြီးက သူ၏ ဝန်ထမ်းများအနက်မှ လုပ်ရည်ကိုင်ရည် ရှိသူများကို BMW ကားသစ်များ လက်ဆောင်ပေးခဲ့မှုအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူတို့က ချီးကျူး လေးစားလျက်ရှိကြသည်။

ရာသီဥတုဆိုးရွားနေသောကာလမျိုးတွင် လျှပ်စစ်ဘီးဖြင့် ရုံးတက်ရုံးဆင်း သွားလာနေရပုံများကို တွေ့မြင်နေရပြီးနောက် ယခုကဲ့သို့ ကားသစ်များ လက်ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။

ဟီနန်ပြည်နယ်၊ ကျောက်ဇောမြို့ အခြေစိုက် အမဲသား hotpot စားသောက်ဆိုင်အုပ်စုပိုင်ရှင် မာယန်လီသည် သူ၏ ဝန်ထမ်းအချို့ကို စက်တင်ဘာ ၂၄ ရက်က BMW အရောင်းပြခန်းသို့ ခေါ်သွားကာ ကားသစ်များ ဝယ်ယူပေးခဲ့သည်။

ကားတစ်စင်းလျှင် ယွမ် ၃၀၀,၀၀၀ (ဒေါ်လာ ၄၅၀၀၀) တန်ကြေးရှိပြီး လွန်ခဲ့သော ရက်သတ္တ ၂ ပတ်ခန့်ကတည်းက ငွေအပြည့်ပေးချေ ဝယ်ယူထားခြင်းဖြစ်ကြောင်း Henan TV ရုပ်သံသတင်းဌာနက ဖော်ပြသည်။

“စိတ်တွေ အရမ်းလှုပ်ရှားနေပါတယ်။ ဒါမျ်ိုး တွေးတောင် မတွေးခဲ့ဝံ့ပါဘူး” ဟု ကားလက်ဆောင်ရသည့် လီကျဲ အမည်ရှိ ဝန်ထမ်းက ပြောသည်။

“BMW ပြခန်းကို အသွားမှာ သူဌေးမ ပြောတာက ကစားစရာ အကြီးကြီးတစ်ခု လက်ဆောင်ပေးမယ်လို့ပဲ ပြောခဲ့တာ”

အဖြူရောင် BMW ကားသစ်ကို ထိုနေ့တွင်ပင် လီကျဲ၏ အမည်ဖြင့် မှတ်ပုံတင်ခဲ့ပြီး ထိုအတွက်လည်း တပြားတချပ်မှ မပေးခဲ့ရ။

ထိုသို့ ကားလက်ဆောင်ပေးသည့်အတွက် လီကျဲကို စာချုပ်တစ်ခုခု လက်မှတ်ထိုးခိုင်းခဲ့ခြင်းလည်း မရှိချေ။

(ကားလက်ဆောင်ရသည့် ဝန်ထမ်း (ဝဲ) နှင့် ရက်ရောသော အလုပ်ရှင် (ယာ) တို့ကို တွေ့ရပုံ။ ဓာတ်ပုံ Credit-Weibo)

ဝန်ထမ်းများကို BMW ကားများ လက်ဆောင်ပေးရန် ပြီးခဲ့သော ဆောင်းတွင်းက စိတ်ကူးရခဲ့ခြင်းဖြစ်ကြောင်း မာယန်လီက ပြောသည်။

လီကျဲသည် အခြားသူများနည်းတူ လျှပ်စစ်စကူတာတစ်စင်းဖြင့် သွားလာသူ ဖြစ်သည်။
တစ်ခုသော နံနက်စောစောတွင် လီကျဲသည် လုပ်ငန်းခွင် စားသောက်ဆိုင်သို့ အအေးဒဏ်ကြောင့် မျက်နှာနီရဲကာ ရောက်ရှိလာသည်ကို မာယန်လီ သတိထားမိခဲ့သည်။

နားရွက်များမှာ ပြာနှမ်းနေပြီး လက်များမှာလည်း အအေးဒဏ်ကြောင့် တောင့်တင်းနေပြီး အကွေးအဆန့် လုပ်ရန် ခက်ခဲနေသည်။

ထိုအခြင်းအရာကို တွေ့မြင်ပြီးနောက် မာယန်လီမှာ လီကျဲအတွက် အလွန်စိတ်မကောင်းဖြစ်သွားမိသည်။

လီကျဲသည် စားသောက်ဆိုင်တွင် အလုပ်လုပ်ခဲ့သည်မှာ ၈ နှစ်ရှိခဲ့ပြီ ဖြစ်သည်။
“ကျွန်မ ကိုယ့်ကိုယ်ကို ပြောမိတယ်။ ငါက ကားထဲမှာ ထိုင်ပြီး နွေးနွေးထွေးထွေး သွားလာလို့ရတယ်။ သူက ဘာလို့ မရနိုင်တာလဲ” ဟု မာယန်လီက ပြောပြသည်။

“ကျွန်မရဲ့ လုပ်ငန်း အောင်မြင်ပါတယ်။ ဒါပေမယ့် ကျွန်မကုမ္ပဏီရဲ့ အောင်မြင်ကြီးပွားမှုဟာ ဝန်ထမ်းတွေအားလုံးရဲ့ စုပေါင်းကြိုးစားအားထုတ်မှုကြောင့်ပါ။ ဒါကြောင့် ကျွန်မရဲ့ ဝန်ထမ်းတွေလည်း ကုမ္ပဏီ အောင်မြင်မှုဆီကနေ အကျိုးခံစားခွင့် ရစေချင်ပါတယ်” ဟု မာယန်လီက ပြောသည်။

လီကျဲအပြင် လျိုယင်းယင်းအမည်ရှိ အခြားဝန်ထမ်းတစ်ဦးလည်း မီးခိုးရောင် BMW တစ်စင်း လက်ဆောင်ရခဲ့သည်။


(ဟီနန်ပြည်နယ်တွင် နှင်းထုအတွင်း သွားလာနေသော ကားများ။ ဓာတ်ပုံ Photo: Visual China Group via Getty Images)

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: China boss gifts top employees new BMWs to protect them from harsh weather commutes (scmp)

မူရင်းသတင်း — CarsDB