CarsDB

"ပတ်စ်ပို့ပေါ်က သားဖြစ်သူ၏ ဒိုင်နိုဆောလက်ရာကြောင့် လေယာဉ်ခရီးစဉ်ဖျက်ခဲ့ရ"

မလေးရှားနိုင်ငံမှာ အမျိုးသမီးတစ်ဦးဟာ ပြည်ပသို့ အလုပ်ကိစ္စဖြင့် ထွက်ခွာရန် နာရီပိုင်းမျှသာ လိုတော့တဲ့ချိန်မှာ သူ့ရဲ့ ၃ နှစ်အရွယ် သားငယ်လေးက
ပတ်စ်ပို့ပေါ် မှာ ဘောလ်ပင်နဲ့ စာရွက်များပေါ်မှာလို အရုပ်များ ရေးဆွဲထားတာကို တွေ့ရှိခဲ့ရတာကြောင့် အခက်တွေ့ခဲ့ရပါတယ်။

မိခင်ဖြစ်သူဟာ အဲဒီအဖြစ်အပျက်ကို Threads လူမှုကွန်ရက်ပေါ်မှာ ရင်ဖွင့်မျှဝေခဲ့တာ ဖြစ်ပါတယ်။ ခရီးသွားဖို့ ဇွန်လ ၆ ရက် နံနက်ပိုင်းက ခရီးဆောင်အိတ် ထုပ်ပိုးပြင်ဆင်ရင်း အလုပ်ရှုပ်နေချိန် သူမရဲ့ ပတ်စ်ပို့ကို သားငယ်လေးကယူသွားတာ သတိမထားမိခဲ့ဘူး။ ပတ်စ်ပို့ လက်ထဲပြန်ရောက်မှ ပျက်စီးသွားပြီဖြစ်ကြောင်း သတိထားမိခဲ့တာ ဖြစ်ပါတယ်။

၎င်း၏ လူမှုကွန်ရက်ပို့စ်များတွင် သားဖြစ်သူမှာ ပတ်စ်ပို့ကိုကိုင်ထားပြီး အပျော်ကြီး ပျော်နေတဲ့ပုံစံနဲ့ တွေ့ရပါတယ်။ အပြာရောင်ဘောလ်ပင်ဖြင့် ပတ်စ်ပို့ရဲ့စာမျက်နှာအချို့မှာ အရုပ်များနှင့် ဒိုင်နိုဆောပုံများ ရေးဆွဲထားတာကို တွေ့ရပါတယ်။ အဲဒီဖြစ်စဉ်ကြောင့် မိခင်ဖြစ်သူက “ဒိုင်နိုဆောတွေကို မုန်းတယ်” ဟုပင် စာရေးသားခဲ့တာတွေ့ရပါတယ်။

အဲဒီနေ့ မွန်းလွဲပိုင်းမှာ လူဝင်မှုကြီးကြပ်ရေးဌာန (လဝက) သို့ သွားရောက်ပြသခဲ့ပေမယ့် အရာရှိတွေရဲ့ ပြောကြားချက်အရ စာအုပ်မှာ ပျက်စီးသွားပြီဖြစ်လို့ ခရီးသွားဖို့ အသုံးမပြုနိုင်တော့ကြောင်း သိရှိခဲ့ရပါတယ်။
ဒါ့အပြင် စနေနေ့လည်းဖြ်နေတာမို့ ပတ်စ်ပို့ အစားထိုး လျှောက်ထားခြင်းကို ချက်ချင်း မဆောင်ရွက်နိုင်ဘဲ တနင်္လာနေ့အထိ စောင့်ဆိုင်းခဲ့ရလို့ စီစဉ်ထားတဲ့ခရီးစဉ်ပါ ဖျက်သိမ်းလိုက်ရပါတယ်။

နောက်ပိုင်းမှာ ကွာလာလမ်ပူ နိုင်ငံတကာလေဆိပ် (KLIA) သို့သွားရောက်ကာ ခရီးစဉ် ပြန်လည်စီစဉ်ခဲ့ရပြီး Qatar Airways ဖြင့် လိုက်ပါနိုင်ရန် ရင်းဂစ် ၆၂၀ ထပ်မံကုန်ကျခဲ့ရပါတယ်။

ခရီးစဉ်ပျက်ပြီး ငွေကြေး ထပ်မံကုန်ကျခဲ့ရပေမယ့် မိခင်ဖြစ်သူက သားငယ်လေးဟာ မိခင်နဲ့ ရက်အနည်းငယ် ပိုမိုအတူနေလို၍ အခုလို ပြုလုပ်ခဲ့ခြင်းဖြစ်နိုင်တယ်ဟု သဘောထားကာ စိတ်ဖြေခဲ့ကြောင်း သိရပါတယ်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

မူရင်းသတင်း — CarsDB