
မလေးရှား လုပ်ငန်းရှင်တစ်ဦးသည် ဝန်ထမ်းများအတွက် ရင်းဂစ် ၃ သန်းကျော် သုံးစွဲကာ ကားသစ်များ လက်ဆောင်ပေးခဲ့မှုအပေါ် လူမှုကွန်ရက်သုံးစွဲသူတို့က များစွာ ချီးကျူးလေးစားလျက် ရှိနေသည်။
သူ၏ ကုမ္ပဏီတွင် မြန်မာနိုင်ငံသားများလည်း လုပ်ကိုင်နေကြောင်း သိရသည်။
ဝါဒကုယ ဂျပန်စားသောက်ဆိုင်နှင့် စူပါစတား Family KTV အုပ်စုကို ပိုင်ဆိုင်သည့် လုပ်ငန်းရှင်သည် သူ၏ သစ္စာရှိ ဝန်ထမ်း ၄ ဦးကို BMW တစ်စင်းစီ လက်ဆောင်ပေးခဲ့ပြီး စုစုပေါင်း ရင်းဂစ် ၁ ဒသမ ၈ သန်းကျော် တန်ကြေးရှိသည်။
ထိုမျှမကသေး။ ရာထူးတိုးသည့် ဝန်ထမ်းများကိုလည်း Audi, Toyota, Honda နှင့် Proton ကဲ့သို့ ကားများ လက်ဆောင်ပေးသည်။
နိုင်ငံခြား အလုပ်သမားများလည်း တပြေးညီ အကျိုးခံစားခွင့် ရစေလိုသောကြောင့်ဟု ဆိုသည်။
ထိုသူဌေးက China Press သတင်းဌာနသို့ ပြောသည်မှာ မိမိတို့ကုမ္ပဏီသည် နှစ်စဉ်နှစ်တိုင်း ထိုက်တန်သည့် ဝန်ထမ်းများကို ကားများ လက်ဆောင်ပေးကြောင်း ပြောသည်။
ယခု တစ်နှစ်တည်းတွင်ပင် ဝန်ထမ်း ၃၁ ဦး ကားသစ်များ ရရှိခဲ့ကြပြီး စုစုပေါင်း တန်ကြေး ရင်းဂစ် ၃ ဒသမ ၁၃ သန်း ရှိသည်။
ကုမ္ပဏီက ဝန်ထမ်းများအား ကားများလက်ဆောင်ပေးသည့် အစီအစဉ်များကို အသုတ်လိုက် ဆက်လက်လုပ်ဆောင်သွားမည်ဟု ဆိုသည်။
ပထမဆုံးအသုတ်တွင် BMW 6 Series ၄ စင်း ပေးအပ်ခဲ့သည်။
ကာလကြာရှည် တာဝန်ထမ်းဆောင်ခဲ့သော အဆိုပါ ဝန်ထမ်းများသည် ကုမ္ပဏီအောင်မြင်ရေးအတွက် ကြီးစွာအထောက်အကူပြုခဲ့ကြောင်း သူဌေးဖြစ်သူက ပြောသည်။
ယာဉ်မောင်းလိုင်စင်မရှိသည့် နိုင်ငံခြားဝန်ထမ်းများကိုလည်း တရားဝင်လိုင်စင်ရရှိသည်အထိ ဆောင်ရွက်ပေးမည့်အပြင် ယာဉ်မောင်းသင်တန်းကြေးလည်း ကုမ္ပဏီက ပေးအပ်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
“ဒီလို ဝန်ထမ်းတွေထဲမှာ မြန်မာနဲ့ နီပေါက ဝန်ထမ်းတွေ ပါဝင်ပါတယ်။ သူတို့ရဲ့ ယာဉ်မောင်းသင်တန်းကြေး တွေကို ကုမ္ပဏီက ကျခံပေးသွားမှာ ဖြစ်ပါတယ်”
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: BMW & Audi, generous M’sian boss gifts employees new cars worth over RM3m (thesun)